close

သမဂ္ဂရုံး

close

February 26, 2022

စစ်တွေတက္ကသိုလ်ရှိ သမဂ္ဂရုံးများကို ဖယ်ရှားခိုင်း

စစ်တွေ တက္ကသိုလ်အတွင်းမှာရှိတဲ့  တက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးနဲ့ ဆရာများ သမဂ္ဂရုံးခန်းတွေကို ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ စစ်ကောင်စီဩဇာခံ တက္ကသိုလ်အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့   စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်တွေတက္ကသိုလ် အာဏာပိုင်တွေက စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂက တာဝန်ရှိသူတချို့နဲ့ ဆရာများသမဂ္ဂ ကတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး လက်ရှိရုံးခန်းအဖြစ်အသုံးပြုနေတဲ့ RC(1) နဲ့ RC(2) အဆောင်တွေကို Rest Center အဖြစ် အသုံးပြုမှာဖြစ်လို့  ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြောတာလို့ ဆိုပါတယ်။ 

အဲဒီလို ဖယ်ရှားခိုင်းခဲ့ပေမဲ့ သမဂ္ဂရုံးခန်းတွေအတွက် နေရာအစားထိုးပေးဖို့ အထက်က ညွှန်ကြားထားတာမရှိဘူးလို့  ပြောဆိုခံခဲ့ရတယ်လို့လည်း စစ်တွေတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌက ပြောပါတယ်။  

ဖေဖော်ဝါရီ ၂၈ ရက် ရုံးခန်းတွေကို လာယူတဲ့အခါ ဖယ်ရှားမှု မရှိဘဲ အတိုက်အခံပြုလုပ်နေမယ်ဆိုရင် တိုင်းမှူးနဲ့တိုင်တန်းပြီး ဖြေရှင်းသွားမယ်လို့ စစ်တွေတက္ကသိုလ် အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကျောင်းရဲ့တိုးတက်မှုတွေကို လုပ်ကိုင်နေကြတဲ့ အဖွဲစည်းတွေကို ကျောင်းဝင်းထဲက ဖယ်ရှားတာဟာကောင်းတဲ့ လုပ်ရပ်တစ်ခုမဟုတ်သလို အာဏာရှင်ခေတ်မှာပေါ်ပေါက်လာတဲ့ အာဏာရှင်ပေါက်စတွေလိုပဲပြောရတော့မယ်လို့ ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူက  ပြောပါတယ်။ 

စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့ပြီး လက်ရှိမှာ အဖွဲ့ ၃၀၀ ကျော်လောက်ရှိတဲ့ အဖွဲအစည်းဖြစ်သလို  ကျောင်းတွင်း ကျောင်းပြင် လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တွေတက္ကသိုလ် အာဏာပိုင်တွေကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

3 mins Ago
Up