ယူကရိန်းနိုင်ငံမှာ ရုရှားစစ်ရှုံးမှသာ တစ်ချိန်က ရုရှားထိန်းချုပ်ခဲ့တဲ့နယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်မှု ရပ်တန့်သွားဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားဘက်က အလုံးစုံကျူးကျော်မှု တစ်နှစ်ပြည့်အဖြစ် မှတ်ချက်ပြုပြောဆိုပါတယ်။
ဇလန်းစကီးက "ရုရှားအနေနဲ့ ယူကရိန်းမှာ လုံးဝကျရှုံးရမယ်" ဆိုပြီး လစ်သူယေးနီးယားနိုင်ငံမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗီဒီယို လင့်ခ်ကတဆင့် ပြောကြားသွားတာပါ။
“ရုရှားဟာ သူဆုံးရှုံးသွားတဲ့ ကိယက်ဗ်နဲ့ ဗေးလ်နီးရက်စ်၊ ချီစီနောနဲ့ ဝါဆောတို့အပြင် ကျနော်တို့ရဲ့ ညီအစ်ကိုနိုင်ငံတွေဖြစ်ကြတဲ့ လတ်ဗီးယား၊ အက်စ်တိုးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတွေနဲ့အတူ လက်ရှိအချိန်မှာ ခြိမ်းခြောက်ခံနေရတဲ့ တခြားနိုင်ငံတွေကိုပါ လက်တုံ့ပြန် ပြန်သိမ်းပိုက်ချင်တဲ့ သူ့ဝါဒပါ ထာဝရ မေ့ပျောက်သွားရလိမ့်မယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
လစ်သူယေးနီယားနိုင်ငံသမ္မတ ဂီတားနက်စ်နောစီဒါကတော့ ဒီစစ်ပွဲမှာ ယူကရိန်းအောင်နိုင်မှသာ စည်းမျဉ်းတွေအပေါ် အခြေခံတဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
“ယူကရိန်းပြည်သူတွေက သူတို့ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်လက္ခဏာနဲ့ သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် ရဲရင့်စွာ တိုက်ပွဲဝင်နေကြတာပါ၊ သူတို့ပုခုံးပေါ်တင်ထားတဲ့အရာက ဥရောပရဲ့အနာဂတ်လည်း ဖြစ်ပါတယ်” ဆိုပြီး နောစီဒါက ပြောသွားတာပါ။
ဖေဖော်ဝါရီ ၂၁ ရက်က မော်စကိုမြို့မှာ ပူတင်နောက်ဆုံးပြောကြားခဲ့တဲ့ နှစ်ပတ်လည်မိန့်ခွန်းကို ရည်ညွှန်းကာ "ဒီရုရှားခေါင်းဆောင်ဟာ ဘာတွေပဲဖြစ်နေပါစေ ခေါင်းမာစွာ ရှေ့ဆက်တိုးလိုတဲ့ ဆန္ဒကို ထပ်ပြီးပြသခဲ့တယ်"လို့ နောစီဒါက မှတ်ချက်ပြုပြောဆိုပါတယ်။
“ကရင်မလင်နန်းတော်ရဲ့ နယ်ချဲ့လိုတဲ့ရည်မှန်းချက်တွေဟာ ယူကရိန်းနိုင်ငံရှင်သန်ရေး အပြင် ဥရောပရဲ့ လုံခြုံရေးဖွဲ့စည်းပုံကိုပါ ခြိမ်းခြောက်နေတာဖြစ်တယ်”လို့လည်း နောစီဒါက ဖြည့်စွက် ပြောဆိုပါတယ်။
ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာဟာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် အမှောင်ထုထဲကို ကျရောက်ခဲ့ရပေမယ့် အရှုံးမပေး ဦးမညွှတ်ခြင်းအားဖြင့် ခရစ္စမတ်မှာ ကိုယ်ပိုင်အံ့ဖွယ်ရာကိစ္စတွေ ကို လုပ်ဆောင်ပြမယ်လို့ သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ရုရှားဘက်ကစတင်ခဲ့တဲ့ လက်ရှိ ၁၀ လတာ စစ်ပွဲအတွင်း လူသောင်းနဲ့ချီသေဆုံးခဲ့ရသလို လူသန်းပေါင်းများစွာဟာလည်း နေရပ်ကနေစွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရုရှားကိုဖီဆန်တဲ့ ဒီဗီဒီယို မိန့်ခွန်းထဲမှာ ယူကရိန်းသမ္မတက ဆိုပါတယ်။
လွတ်လပ်ရေးအတွက် တန်ဖိုးကြီးစွာ ပေးဆပ်ရလေ့ရှိပြီး ကျွန်ပြုမှုကနေ လွတ်မြောက်ဖို့ ဆိုရင်တော့ ဒီ့ထက်ပို ပေးဆပ်ရမယ်လို့ ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော် ကျင်းပတဲ့ ယူကရိန်း နိုင်ငံသားတွေအတွက် ဇလန်းစကီးက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
"အမှောင်ထဲမှာတောင် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားရလိမ့်မယ်။ အပူမရှိရင် တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးဖို့ အချိန်အကြာကြီး ပွေ့ဖက်ထားမယ်" လို့လည်း ဇလန်းစကီးက ပြောဆို ခဲ့ပါတယ်။