နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ငြင်းဆန်မယ့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတချို့ရဲ့ ခြိမ်းခြောက်မှုဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သူတို့ကို အားပေးအားမြှောက်လုပ်တဲ့အတွက် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ကိုလည်း အပြစ်တင်ခဲ့ပါတယ်။
သူရှုံးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ထရမ့်ပ်က လက်မခံတဲ့အတွက် “အမေရိကန်ဒီမိုကရေစီဟာ တိုက်ခိုက်ခံနေရတယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။
ထရမ့်ပ်ဟာ ပြည်သူတွေရဲ့ဆန္ဒကို လက်ခံဖို့ ငြင်းဆိုခဲ့ပြီး သူရှုံးခဲ့တဲ့အချက်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ကြောင်းလည်း ဆိုပါတယ်။
သူ့အာဏာကို အလွဲသုံးစားလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာမစောင့်သိဘဲ သူ့ကိုယ်သူပဲ သစ္စာစောင့်သိနေတယ်လို့လည်း ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဒါဟာ အမေရိကန်သမိုင်းမှာ အတိုက်ခိုက်ခံရဆုံး ရွေးကောက်ပွဲဖြစ်ပေမဲ့ ရွေးကောက်ပွဲရလဒ် အသေချာဆုံးလည်းဖြစ်ကြောင်း ဘိုင်ဒင်က ပြောပါတယ်။
မဲတွေကို ပြန်ရေတွက်နိုင်ခဲ့ပြီး ပြန်ရေတွက်တိုင်းလည်း ရလဒ်ကို အတည်ပြုထားတယ်လို့ ဆိုပါတယ်။
အမေရိကမှာ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်ဖို့ နေရာမရှိသလို နိုင်ငံရေး အကြမ်းဖက်မှုတွေလည်း မရှိကြောင်း ဘိုင်ဒင်က ပြောပါတယ်။
“အစကတည်းက အမေရိကမှာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး ဘာအာမခံချက်မှ မရှိသေးပါဘူး။ မျိုးဆက်တိုင်းက ဒါကို ကာကွယ်၊ ထိန်းသိမ်း၊ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက၊ ပြည်သူတွေအတွက်၊ ပြည်သူတွေရဲ့ ရွေးချယ်မှုတခု၊ ဆုံးဖြတ်ချက်တခုပဲ။ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ကျွန်ုပ်တို့ တဦးချင်းဆီမှာ အခွင့်အာဏာရှိတယ်။”
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်တွေက ထိန်းချုပ်ထားနိုင်မလား၊ ဒါမှမဟုတ် ရီပတ်ဘလစ်ကန်တွေဆီ လွှဲပြောင်းပေးရမလား ဆိုတာကို အမေရိကန်တွေ မဆုံးဖြတ်မီ ရက်ပိုင်းအလိုမှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရေဘေးနဲ့ကြုံခဲ့ရတဲ့ ကန်တက်ကီပြည်နယ် အရှေ့ပိုင်းဒေသကို သြဂုတ် ၈ ရက်မှာ သွားရောက်ခဲ့ပြီး ပျက်စီးမှုအခြေအနေကို လေ့လာရင်း ဒေသခံတွေနဲ့ တွေ့ဆုံပါတယ်။
အခုခရီးစဉ်ဟာ ကိုဗစ်ရောဂါလက္ခဏ လုံးဝကင်းစင်သွားတဲ့နောက် သမ္မတရဲ့ ပထမဆုံးခရီးဖြစ်ပြီး သမ္မတကတော် ဂျေးဘိုင်ဒင်လည်း လိုက်ပါသွားပါတယ်။
ရေဘေးကြုံခဲ့ရတဲ့ အစွန်အဖျားဒေသတွေမှာ အရင်တပတ်ကစလို့ ရေပြန်ကျသွားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ သမ္မတ ရောက်သွားတဲ့အချိန်အထိ အပျက်အစီးတွေအားလုံး မရှင်းလင်းနိုင်သေးဘဲ ရွှံ့ဗွက်တွေထဲမှာ အပျက်အစီးတွေကို တွေ့နေရပါတယ်။
ရေဘေးနဲ့ကြုံခဲ့ရတဲ့ စီရင်စုနယ်မြေ ၁၂ ခုက လူဦးရေ ၈၀၀ အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း ပြည်ထောင်စုအစိုးရရဲ့ ကယ်ဆယ်ရေးရန်ပုံငွေကနေ ထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။ နောက်ထပ် အကူအညီလိုအပ်သူတွေ ဆက်သွယ်ကြဖို့ အစိုးရက ဖိတ်ခေါ်ထားပါတယ်။