close

သမ္မတရာထူး

close

January 24, 2022

ဘာကီနာဖာဆိုနိုင်ငံ မြို့တော်တွင် သမ္မတရာထူးမှ ဆင်းပေးရန် ပြည်သူများဆန္ဒပြ

ဘာကီနာဖာဆိုနိုင်ငံ မြို့တော်ဝါကာဒူဂူမှာ ဆန္ဒပြသူတွေက သမ္မတ ရို့ကာဘော်ရဲ့ နိုင်ငံရေးပါတီ ရှိရာ ဌာနချုပ်ကို ဇန်နဝါရီ ၂၃ ရက်က မီးရှို့ လုယက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံမြောက်ပိုင်း အီနာတာမြို့က ရွှေတွင်းနားမှာ အယ်လ်ကေဒါတွေနဲ့ မိတ်ဖက်ဖြစ်တဲ့ သေနတ်သမားတွေက စစ်ရဲ ၄၉ ယောက်နဲ့ အရပ်သားတွေကို တိုက်ခတ်သတ်ဖြတ်ခဲ့တဲ့ နိုဝင်ဘာလကစပြီး ပြည်သူတွေက ဒေါသထွက်နေကြတာပါ။

စစ်တပ်ထဲမှာ စားနပ်ရိက္ခာဝေစု ကုန်နေတာ သီတင်းပတ် ၂ ပတ်ရှိပြီဆိုတဲ့ သတင်းတွေကြောင့် ပြည်သူတွေ ဒေါသူပုန်ထနေကြပါတယ်။ ၂၀၂၀ နိုဝင်ဘာလကမှ ဒုတိယသက်တမ်းအတွက် ပြန်ရွေးကောက်ခံထားရတဲ့ သမ္မတကတော့ ရာထူးက ဆင်းပေးဖို့ တောင်းဆိုမှုတွေ ဆန္ဒပြပွဲ တွေကို ရင်ဆိုင်နေရပါတယ်။

သမ္မတရဲ့ နေရာမှာ ဝန်ကြီးချုပ်နဲ့ စစ်ဘက်အကြီးအကဲတွေက အစားထိုး နေရာယူဖို့ ကြိုးစားနေပေမဲ့ ဒီလုပ်ရပ်က မလုံလောက်ဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။

အစ္စလာမစ် စစ်သွေးကြွ အိုင်အက်စ်တွေကို တိုက်ရာမှာ အထောက်အပံ့ ပိုပေးဖို့ စစ်သားတွေက တောင်းဆိုနေပြီး စစ်စခန်းတွေကနေလည်း သေနတ်သံတွေ ဆူညံနေပါတယ်။

စစ်စခန်းတွေမှာ သေနတ်သံတွေ ထွက်နေပေမယ့် လူမှုကွန်ရက်မှာ ပျံ့နေတဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့ ကောလာဟလတွေက မမှန်ဘူးလို့ အစိုးရက ဇန်နဝါရီ ၂၃ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။

“သမ္မတကို ဖမ်းထားပြီဆိုတဲ့ ကောလာဟလက မဟုတ်ဘူး။ သေနတ်သံတွေရဲ့ နောက်ကွယ်က လုပ်ရပ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး”လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဘက်သ်လေမီ ဆင်မ်ပိုရေက နိုင်ငံပိုင် ရုပ်သံကနေ ပြောပါတယ်။

နိုင်ငံ့ခေါင်းဆောင်လည်း အဖမ်းမခံရသလို နိုင်ငံရဲ့ ဘယ်အဖွဲ့အစည်းကမှလည်း ခြိမ်းခြောက်ခံ မထားရဘူးလို့ ဆင်မ်ပိုရေက ပြောပါတယ်။

မြို့တော်တွင်းမှာရှိတဲ့ ဆန်ဂေါင်လေ လာမီဇာနာစစ်စခန်းကနေ သေနတ်သံတွေ အကြီးအကျယ် ထွက်နေတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

အဲဒီစခန်းထဲမှာ ၂၀၁၅ အာဏာသိမ်းမှုမှာပါဝင်တဲ့ စစ်သည်တွေ အပါအဝင် စစ်တပ် အရာရှိကြီး ဟောင်းတွေကို အကျဉ်းချထားတဲ့ ထောင်လည်း ရှိနေပါတယ်။

ဝါကာဒူဂူ လေဆိပ်နားက လေတပ် အခြေစိုက်စခန်းနဲ့ စစ်ခန်းထဲမှာ စစ်သည်တွေ သေနတ် မိုးပေါ် ထောင်ပစ်နေတာ တွေ့တယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။

မြို့တော် မြောက်ဘက် ၆၂ မိုင်အကွာက ကာယာမြို့စစ်စခန်းထဲမှာလည်း သေနတ်သံတွေ ထွက်နေတယ်လို့ မျက်မြင်သက်သေတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းထုတ်ထားပါတယ်။

5 mins Ago

August 12, 2020

သမ္မတ ရာထူးကဆင်းပေးရန် မာလီ ပြည်သူများ ဆန္ဒပြ

မာလီနိုင်ငံရဲ့ မြို့တော် ဘာမာကိုက လမ်းတွေပေါ်မှာ ထောင်ချီတဲ့လူတွေ သြဂုတ် ၁၁ ရက်က ချီတက်ရင်း သမ္မတရာထူးကနေ ဆင်းပေးဖို့ ထပ်တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာက ကြားဝင်ဖျန်ဖြေခဲ့ပေမယ့် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဇွန်လကတည်းက ဖြစ်ပွားနေတာပါ။ ဇူလိုင်လမှာတော့ တင်းမာမှုတွေ အရှိန်တက်လာပြီး ရဲတွေပစ်ခတ်လို့ ဆန္ဒပြသူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ မတည်မငြိမ်ဖြစ်နေတာ အချိန်ကြာလာပြီမို့ ဒေသတွင်း အစ္စလာမစ် အစွန်းရောက်တွေကို တိုက်ဖျက်ရေးအတွက် လမ်းချော်မှာကို ဒေသတွင်း အင်အားကြီးနိုင်ငံတွေက စိုးရိမ်နေပါတယ်။ အစ္စလာမစ် အစွန်းရောက်အုပ်စု အတော်များများကလည်း မာလီနိုင်ငံမှာ အခြေစိုက်ပြီး သူတို့ရဲ့ပိုင်နက်တိုးချဲ့လာလို့ လတ်တလောလတွေအတွင်း တိုက်ခိုက်မှုတွေ တိုးလာနေပြီး မာလီနိုင်ငံအလယ်ပိုင်းမှာ  တိုင်းရင်းသားတွေအကြား တင်းမာမှု တိုးလာနေပါတယ်။  သမ္မတရဲ့ သားဖြစ်သူက လွှတ်တော် ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီဥက္ကဋ္ဌ ရာထူးကနေ ဇူလိုင်လက ဆင်းသွားပေမယ့် သူ့ရဲ့သြဇာကြီးမှုက ဆက်လက် ကျန်နေပါသေးတယ်။ အတိုက်အခံတွေကတော့ ဒီအချက်ကိုထောက်ပြီး ခရိုနီဝါဒ အစိုးရလို့ စွပ်စွဲခဲ့ကြပေမဲ့ အစိုးရကတော့ စွဲချက်ကို ငြင်းဆိုထားပါတယ်။ 
1 year Ago
Up