close

သမ္မတရှီ

close

March 12, 2023

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံပိတ်ပွဲ သမ္မတရှီနှင့် ခေါင်းဆောင်များ တက်ရောက်

တရုတ်နိုင်ငံက ထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့ဖြစ်တဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ (CPPCC)ရဲ့ ၁၄ ကြိမ်မြောက် အမျိုးသားကော်မတီဆိုင်ရာ ပထမအကြိမ် အစည်းအဝေး ပွဲကို မတ် ၁၁ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။ 

မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပတဲ့ အစည်းအဝေးပိတ်ပွဲကို တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ တခြားတရုတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ 

၁၄ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီဥက္ကဋ္ဌဖြစ်လာတဲ့ ဝမ်ဟန်နင်းက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။ 

ဒီအစည်းအဝေးမှာ ၁၃ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီရဲ့ အမြဲတမ်းကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာအပေါ် ဆုံးဖြတ်ချက်၊ နိုင်ငံရေးအကြံပေးတွေ အဆိုပြုလာတဲ့ လုပ်ငန်း အစီရင်ခံစာအပေါ် ဆုံးဖြတ်ချက်၊ CPPCC ပဋိဉာဉ်ပြင်ဆင်ချက်ဆိုင်ရာ ဆုံးဖြတ်ချက်၊ အဆိုပြုချက်အသစ်တွေအပေါ် စစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာတစ်ခုအပြင် လက်ရှိ (၁၄) ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံရေးဆုံး ဖြတ်ချက် တရပ်ကို အတည်ပြုခဲ့ပါတယ်။ 

ဝမ်ကို အခုပြုလုပ်တဲ့ အစည်းအဝေးမှာ CPPCC အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ် ပထမအကြိမ်ညီလာခံရဲ့ တတိယမြောက် မျက်နှာစုံညီအစည်းအဝေးမှာ နိုင်ငံရေးအကြံပေး ၂၁၀၀ ကျော်က ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ 

၁၄ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီရဲ့ ဒုက္ကဋ္ဌ ၂၃ ဦးအပြင် အမြဲတမ်းကော်မတီဝင် ၂၉၉ ဦးကိုလည်း ဒီမျက်နာစုံညီ အစည်းအဝေးကတဆင့် ရွေးကောက်တင်မြှောက်ခဲ့ ကြပါတယ်။

ဒီညီလာခံဟာ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ ပါတီစုံ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနှစ်အတွက် နှစ်ပတ်လည် ညီလာခံကို မတ် ၄ ရက်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

10 mins Ago

December 4, 2022

သမ္မတရှီ နုတ်ထွက်ရန် ဘာလင်ရောက် တရုတ်နိုင်ငံသားများ ဆန္ဒပြ

တရုတ်နိုင်ငံထဲမှာ ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြနေကြတဲ့ တရုတ်ပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ နိုဝင်ဘာ ၃ ရက်က ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မြို့မှာရှိတဲ့  တရုတ်နွယ်ဖွားတွေက တရုတ်သံရုံးဆီချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်နိုင်ငံ လွတ်လပ်ရေးနဲ့ သမ္မတ ရှီကျင့်ဖျင် အာဏာကနေ နုတ်ထွက်ဖို့ ဆန္ဒပြသူတွေက တောင်းဆို ခဲ့ကြပါတယ်။

အလက်ဇန်းဒါးပလပ်စ်ရင်ပြင်မှာ ဆန္ဒပြသူ အယောက် ၁၅၀ လောက် စုရုံးခဲ့ကြပြီး ဘယ်သူက သွားရမှာလဲ ရှီက သွားရမှာစတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

အဲဒီနောက် ဘာလင် ရဲတွေ ခြံရံရင်း ဂျန်နိုဝဇ် တံတားနားက တရုတ်သံရုံးဆီ ချီတက်ခဲ့ကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောသဘာဝကို ပြနေတဲ့ စက္ကူဖြူတော်လှန်ရေးဟာ ကမ္ဘာတဝန်လုံး ကို ရောက်လာပြီလို့လည်း ဆန္ဒပြခေါင်းဆောင်တယောက်က ထောက်ခံသူတွေကို ပြောပါတယ်။

အများပြည်သူရဲ့ မကျေနပ်ချက်တွေဟာ ဆိုရှယ်မီဒီယာကိုကျော်လွန်ပြီး တရုတ်နိုင်ငံရဲ့ လမ်းမတွေနဲ့ ထိပ်တန်းတက္ကသိုလ်တချို့ထိ ရှားရှားပါးပါး ပျံ့နှံ့နေခဲ့တာပါ။

လူထုသဘောထား ကွဲလွဲမှုတွေ ကျယ်ပြန့်လာပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် သူတို့ရဲ့ ဒေါသကို ပြသဖို့ တရုတ်ဆန္ဒပြသူတွေက ဘာမှရေးမထားတဲ့ ဗလာစာရွက်တွေကို ကိုင်ပြီး ဆန္ဒထုတ်ဖော်နေကြတာပါ။

ဂျာမနီမြို့တော်မှာ ဆန္ဒပြမှုကတော့ ကမ္ဘာ့အပြင်းထန်ဆုံး ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကျင့်သုံးတဲ့ တရုတ်နိုင်ငံမှာ စမ်းသပ်မှုနဲ့ သီးသန့်ခွဲထားမှုစည်းမျဉ်းတွေကို တရုတ်အစိုးရက ပိုဖြေလျှော့ပေးဖို့ စီစဉ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

3 months Ago
Up