တောင်ကိုရီးယားရွေးကောက်ပွဲအတွက် သမ္မတလောင်းများ ယှဉ်ပြိုင်မှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က တရားဝင်စတင်ခဲ့ပြီး နာမည်ပျက်ရှိနေတဲ့ အဓိကပါတီကြီးနှစ်ခုဟာ နှစ်ပေါင်း ၂၀ အတွင်း အပြင်းထန်ဆုံး ပြိုင်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။
ပါတီကြီးနှစ်ခုကြားမှာ တတိယ စိန်ခေါ်ယှဉ်ပြိုင်မယ့်သူလည်း ပေါ်ထွက်လာပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတလောင်း ၁၄ ဦးအနက်၊ အာဏာရဒီမိုကရက်တစ်ပါတီမှ လီဂျေးမြောင် နဲ့ အဓိကအတိုက်အခံ ပြည်သူ့အာဏာပါတီမှ ယွန်းဆုခ်ယိုးလ်တို့ ရှေ့ဆုံးကပြေးနေပြီး ထိပ်တိုက်တိုးနေတာပါ။
လူထုစစ်တမ်းကောက်တဲ့ Realmeter ရဲ့ စစ်တမ်းအရ အတိုက်အခံပါတီမှ မစ္စတာယွန်းက ၄၁ ဒသမ ၁ ရာခိုင်နှုန်း လူကြိုက်များနေပြီး၊ မစ္စတာလီက ၃၉ ဒသမ ၁ ရာခိုင်နှုန်း ထောက်ခံမှုရပါတယ်။
တတိယကြားနေအဖြစ် ယှဉ်ပြိုင်ခဲ့သူ နာမည်ကြီး ဆော့ဖ်ဝဲလ်ကုမ္ပဏီပိုင်ရှင် ဆရာဝန် အန်ချိူလ်ဆု ၁၅ ရာခိုင်နှုန်း ရရှိပါတယ်။
ဒါပေမဲ့ သူက အမျိုးသားညီညွတ်ရေးအတွက်ဆိုပြီး အတိုက်အခံပါတီသမ္မတလောင်း ယွန်းဆုခ်ယိုး ကို ထောက်ခံကူညီ ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပတ်ကွီအိုဟာ ၂၀၂၂ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံမယ် လို့ စက်တင်ဘာ ၁၉ ရက်က ပြောလိုက်ပါတယ်။
သမ္မတ ရိုဒရီဂို ဒူဒါတေရဲ့ တရုတ်နဲ့ ဆက်ဆံရေးနဲ့ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်သံ ထွက်လာအပြီးမှာ သူ့ရဲ့ နိုင်ငံရေး စီမံကိန်းကို ခုလို ကြေညာလိုက်တာပါ။
သူဦးဆောင်တဲ့ လက်ရှိအာဏာရ ပီဒီပီ လာဘန်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံအတွင်း နိုင်ငံရေး မဟာမိတ်တွေရဲ့ နာမည်စာရင်းတင်သွင်းမှုကို သူက လက်ခံ ခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ပတ်ကွီအိုဟာ ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ အကျော်ကြားဆုံး လက်ဝှေ့သမားတွေထဲက တယောက် ဖြစ်ပြီး မတူတဲ့ ပွဲစဉ် ၈ မျိုးမှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရထားသူပါ။ လက်ဝှေ့သမား သက်တမ်း ၂၆ နှစ် ရှိတယ်လို့ ဆိုပါတယ်။
ပတ်ကွီအိုဟာ လူကြိုက်များပေမဲ့ ထင်မြင်ချက် စစ်တမ်းမှာ ရှေ့တန်းမှာ ပြေးနေတဲ့ သူတွေ ထက်တော့ နောက်ကောက်ကျနေသေးပါတယ်။
သူ့ရှေ့မှာ လက်ရှိ သမ္မတ ဒူဒါတေရဲ့သမီးဖြစ်သူ စာရာဒူဒါတေကာပီအိုက အစဉ်တစိုက် တစ်ပြေးနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။