close

သမ္မတဦးဝင်းမြင့်

close

March 13, 2023

နိုင်ငံ့ခေါင်းဆောင် ၂ ဦး၏ အယူခံအမှု စစ်ကောင်စီတရားရုံးပယ်ချ၊ အထူးအယူခံဆက်တက်မည်

နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်စုကြည်တို့အပေါ် စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့စွပ်စွဲ တရားစွဲဆိုပြီး ပြစ်ဒဏ်အမိန့်ချလိုက်တဲ့အမှုတွေကို ပြည်ထောင်စုတရားလွှတ်ချုပ်မှာ အယူခံတင်ထားတာ ပလပ်ခံရတယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

စွပ်စွဲခံရသူတွေဘက်ရှေ့နေတွေက  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှုတွေ၊ ၅၀၅(ခ)အမှု၊ သဘာ၀ဘေးအမှုတွေ၊ ဆက်သွယ်ရေးအမှု၊ ပို့ကုန်သွင်းကုန်အမှုတွေကို အယူခံတင်ထား ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဥပေဒေရးရာဌာနက လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှုတွေက ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းဆည်းဖို့ ပြင်ဆင်မှုတင်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နှစ်ဖက်စလုံးရဲ့ တင်ထားတာတွေကို ပယ်ချလိုက်တာလို့ သိရပါတယ်။

“ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက နှစ်ဖက်လုံးက တင်တဲ့ဟာတွေကို ပယ်လိုက်တာ။ သူတို့ဟာတွေ ပယ်တာကတော့ ဥပဒေနဲ့အညီ ပယ်တာပေါ့ဗျာ။ ဒီဘက်ကတင်တဲ့ဟာတွေ ပယ်တာကတော့ သိပ်တော့ မကောင်းဘူး။ ဘာမှမဆိုင်တာတွေကိုဗျာ၊ ဒါကလည်း သူတို့က လုပ်မှာပဲ။ သူတို့ လက်အောက်ခံ တရားရေးအဖွဲ့အစည်းတွေပဲကို” လို့ တရားရေးအ သိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုလို့ အယူခံပယ်ချခံရတဲ့အတွက် အမှုသည်တွေရဲ့ ညွှန်ကြားချက်အရ နောက်တဆင့်အနေနဲ့ အထူးအယူခံဆက်တင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အယူခံပဲဖြစ်ဖြစ်၊ ပြင်ဆင်ပဲဖြစ်ဖြစ် ပယ်ချခံလိုက်ရပြီဆိုရင် နောက်တဆင့်က အထူးပဲရှိတော့တယ်။ အဲဒါကြောင့် အထူးအယူခံဆက်တက်မယ်။ အဲဒါကို တချို့တွေက မနိုင်မှန်းသိလျှက်နဲ့ ဘာလို့ဆက်တက်တာလည်း ပြောတာတွေရှိတယ်။ ဘာလို့ ဆက်တက်လည်းဆို သူတို့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးကို ကမ္ဘာကသိစေချင်လို့ တက်ကြတာလို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။

အခုလို အထူးအယူခံဆက်တက်ဖို့အတွက် အမှုသည်တွေနဲ့ တွေ့ဆုံခွင့်ရဖို့အတွက်ကို ရှေ့နေတွေဘက်က တွေ့ခွင့်တောင်းထားပေမဲ့  စစ်ကောင်စီဘက်က အခုအချိန်ထိ တွေ့ခွင့်မပေးသေးဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲကာ ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ အကျဉ်းချထားသလို နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကိုလည်း တောင်ငူထောင်ပို့လိုက်ပြီး မိသားစု၀င်တွေနဲ့လည်း တွေ့ခွင့်ပေးဘူးလို့ သိရပါတယ်။

13 hours Ago

November 10, 2022

သမ္မတဦး၀င်းမြင့်နှင့်အတိုင်ပင်ခံတို့အပေါ် ပြစ်ဒဏ်ချပြီးသားအမှုများ နှစ်ဖက် အယူခံတင်ထား

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်စုကြည်တို့အပေါ် ပုဒ်မမျိုးစုံနဲ့ စွပ်စွဲတရားစွဲဆိုပြီး အမိန့်ချပြီးသားအမှုတွေကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဥပဒေရေးရာဌာနတို့က အမှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်ချက်တွေ၊ အယူခံတွေ တင်ထားတယ်လို့ တရားရေးနဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းကနေ သိရပါတယ်။

“အရင်အမိန့်ချထားတဲ့ ဆက်သွယ်ရေးပုဒ်မ၊ ပို့ကုန်သွင်းကုန်ပုဒ်မ၊ သဘာဝဘေးပုဒ်မ၊ ၅၀၅(ခ)အမှုတွေကို ပြင်ဆင်မှုတက်ထားတာ။ အဲဒါ ဒီနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တပါးထိုင်က လက်ခံထားတယ်” လို့ တရားရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါအပြင် နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလုပ်တဲ့ လရောင်တောစီမံကိန်း မြေနေရာချထားပေးမှု၊ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံချုပ်မြေနေရာ ငှားရမ်းမှုတွေနဲ့ ပတ်သက်တဲ့ အမှုလေးမှုကို အယူခံတက်ထားသလို စစ်ကောင်စီလက် အောက်ခံ ဥပဒေရေးရာဌာနကလည်း ဒီအမှုလေးမှုနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတက်ထားတယ်လို့ သိရပါတယ်။

“နေပြည်တော်လရောင်တောက သုံးမှု၊ ရန်ကုန်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာအမှု အဲဒါတွေကို ဒီနေ့ အယူခံတက်တာ လက်ခံပေးဖို့ ဒီအမှုတွေက မှားယွင်းတယ်ဆိုပြီး လျှောက်တယ်၊ လျှောက်တာကို လက်ခံတယ်။ အဲလိုပဲ တဖက် ဥပဒေရေးရာဌာနကလည်း အဲအမှုတွေမှာ ပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် မသိမ်းလို့ဆိုပြီး ပြင်ဆင်မှုတက်တယ်။ အဲဒါကို သူတို့ကလည်း လက်ခံပေးဖို့ လျှောက်တယ်။ သူတို့တက်တဲ့ ပြင်ဆင်မှု သုံးမှုကိုလည်း လက်ခံတယ်။ ဒီဘက်က တက်တဲ့ အယူခံလေးမှုကိုလည်း လက်ခံတယ်။ အဲဒါ နှစ်ဖက် ခေါ်မယ် ကြားနာမယ်” လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းတာနဲ့ပတ်သက်တဲ့ အမှုနှစ်ကိုလည်း နှစ်ဖက် ပယ်ဖျက်ပေးဖို့နဲ့ ပြင်ဆင်မှုတင်ထားတွေကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

“ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အမှုနှစ်ခုရဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့တက်တယ်။ အဲလိုပဲ သူတို့ဘက်ကလည်း အမှုနံပါတ်လေးမှာ သူတို့က စွပ်စွဲတာက ဒေါ်လာ ငါးသောင်း တကြိမ်၊ နှစ်သိန်းခွဲ တကြိမ် ပေါင်း သုံးသိန်းဆိုပြီး သူတို့က စွပ်စွဲတာ။ ဒါပေမယ့် ဦးမောင်ဝိတ်ကိုယ်တိုင် ရုံးချိန်းတွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတာပါ ငါးသောင်း တကြိမ်လှူတာပါ။ နှစ်သိန်း တကြိမ် လှူတာပါလို့ ထွက်ထားတော့ ငါးသောင်းက ပျောက်နေတယ်။ အဲပျောက်နေတဲ့ ငါးသောင်းကို ထပ်ပြီးတော့ ထည့်ပေးပါဆိုပြီး ပြင်ဆင်မှုတခု တက်တယ်။ ဒါပေမယ့် နှစ်ဖက်လုံးက တက်တာကို ပယ်လိုက်တယ်၊ ပလပ်လိုက် တာပေါ့” လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

လာမယ့် နို၀င်ဘာ ၁၆ ရက်နေ့မှာ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုတွေကို အယူခံတက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေါက် တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့အပေါ်ချထားတဲ့ အမိန့်တွေနဲ့ ပတ်သက်လို့ အယူခံတက်ထားတာကိုလည်း နို၀င်ဘာ ၁၆ ရက်နေ့ ကြားနာမယ်လို့ သိရပါတယ်။

4 months Ago
Up