ဖိလစ်ပိုင်နိုင်ငံတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ဆောင်နေချိန်မှာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ပါက ထောင်ဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့ သမ္မတ ဒူတာတေက ခြိမ်းခြောက်ပြောပါတယ်။
“ခင်ဗျားဟာ (ကိုဗစ်-၁၉)ကာကွယ်ဆေးထိုးမထားရသေးတဲ့သူ၊ ရောဂါပိုးသယ်ဆောင်ဖို့ အလားအလာရှိသူဆိုရင်တော့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ခင်ဗျားကို ထောင်ထဲ ခေါ်သွားရလိမ့်မယ်”လို့ သမ္မတ ဒူတာတေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ မျိုးဗီဇပြောင်း Delta ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုက ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ် ဆေးထိုးဖို့ ငြင်းဆန်သူတွေကို စာရင်းပြုစုထားဖို့လည်း သမ္မတက ပြောပါတယ်။
“ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက အစိုးရရဲ့ ရင်းမြစ်တွေ တကယ်ကို ကုန်ခန်းခဲ့ပြီးပါပြီ။ နောက်တခုက ဒီတိုင်းပြည်အတွက် ဆိုးဆိုးဝါးဝါး ဖြစ်လာလိမ့်မယ်။ ဒါကြောင့်မို့ စည်းကမ်းတင်းကျပ်လေလေ ပိုကောင်းလေလေပဲ”
ဖိလစ်ပိုင်နိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၃ သန်းကျော်နဲ့ အာရှနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေပြီး သေဆုံးမှုစုစုပေါင်းဟာလည်း ၂၃,၀၀၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။