တောင်ကိုရီးယားနိုင်ငံရဲ့ ရွေးကောက်ခံသမ္မတ ယွန်းဆွန်းယဲဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတဲ့အချိန်မှာ အားကောင်းတဲ့ ကာကွယ်ရေးစနစ် တည်ဆောက်မယ်လို့ မတ်လ ၁၀ ရက်မှာ ကတိပြုလိုက်ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားမယ်လို့လည်း ပြောပါတယ်။ အသက် ၆၁ နှစ်အရွယ် ယွန်းဟာ အမေရိကန်နဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေးရဖို့ ရှေ့တိုးဆောင်ရွက်မယ်လို့လည်း ကတိပြုပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်တဲ့ လှုပ်ရှားမှုတွေ ပိုတိုးလာနေပြီး တရုတ်နဲ့ ယှဉ်ပြိုင်နေရတဲ့ တောင်ကိုရီးယားအတွက် အမေရိကန်ဟာ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်သလို မဟာမိတ်စာချုပ် ချုပ်ဆိုထားတဲ့ တခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။
အစိုးရ ရှေ့နေချုပ်ဟောင်းလည်း ဖြစ်တဲ့ ယွန်းဟာ ပိုအဆင့်ရှိတဲ့ စီးပွားရေး ကစားကွက်ကို ဖန်တီးမယ်လို့လည်း ကတိပြုပါတယ်။
အိမ်ခြံမြေဈေး မြင့်တက်တာတွေနဲ့ မညီမျှမှု ပိုတိုးလာတာ အပါအဝင် မဲဆန္ဒရှင်တွေ စိတ်ပျက်တဲ့ အချက်တွေဟာ ယွန်းကို အောင်ပွဲခံဖို့ တွန်းအားပေးနေတဲ့ အချက်တွေ ဖြစ်လာခဲ့တာပါ။
သူ့ရဲ့ ရွေးကောက်ခံသမ္မတအဖြစ် ပထမဆုံး တရားဝင်ပွဲစဉ်မှာ ယွန်းဟာ နိုင်ငံတော်သင်္ချိုင်းကို သွားခဲ့ပြီး အဲဒီမှာ မြှုပ်နှံထားတဲ့ သူရဲကောင်းတွေကို ဂါရဝပြုခဲ့ပါတယ်။