နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ထောင်ဒဏ်ချမှတ်ခံရထားရတဲ့ အကျဉ်းသားတချို့ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ကနေ ဇန်နဝါရီ ၁၄ ရက်နေ့က တောင်ငူထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။
တောင်ငူထောင်ကမကြာခင်ကလွတ်လာတဲ့ ထောင်၀န်ထမ်းတွေနဲ့ နီးစပ်သူတဦးက “ဇန်နဝါရီ ၁၄ ရက်က Express ကား ၂ စီးဝင်လာတာ၊ သာမန်အကျဉ်းသားဆိုရင် ထောင်အပြင်မှာ ရပ်ပြီး လမ်းလျှောက်ဝင်ရတာ။ အခုက VIP တွေထင်တယ်။ အထဲအထိ မောင်းဝင်သွားတယ်။ နောက် ပြီး မနေ့က ညပိုင်းတာဝန်ကျတဲ့ ဝန်ထမ်းတွေက ခါတိုင်းဆို မနက်ကိုပြန်ထွက်ရတာ။ အခုသူတို့ ပြန်မထွက်ရဘူး။ Duty Change မပေးဘူး၊ နေ့သမားတွေလည်း အခုထိမဝင်ရဘူး။ သတင်းထွက်မှာစိုးလို့ ထင်တယ်၊ အပြင်မှာလည်း လုံခြုံရေးတွေ အများကြီးပဲတိုးချထားတယ်။ အရင်ကတည်းကလည်း သမ္မတကြီးကို ဒီကိုရွှေ့မယ်လို့ကြားထားတာ”လို့ပြောပါတယ်။
သမ္မတကြီးကို တောင်ငူထောင်ကို ရွှေ့လိုက်တဲ့ကိစ္စနဲ့ သီးခြားအတည်ပြုနိုင်ဖို့ တောင်ငူထောင်တာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိပါဘူး။
တောင်ငူ ထောင်ပတ်ဝန်းကျင်မှာတော့ တောင်ငူ ရဲတပ်ရင်း ၁၁ နဲ့ စစ်ကောင်စီတပ်အင်အား ၈၀ လောက် လုံခြုံရေးချထားပေမဲ့ ထောင်ဝင်စာ ပါဆယ်ပို့သူတွေကိုတော့ ခါတိုင်းလို ပဲ ပို့လို့ရသေးတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တယောက်က ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာဘဲ ရန်ကုန် အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသားတွေ ကား ၄ စီးနဲ့ ပြောင်းသွားတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သာယာ၀တီထောင်ကို ထောင်ဝင်စာပို့ပြီး ပြန်တဲ့သူတယောက်က “အချုပ်ကားတစ်စီးမှာ မိန်းကလေးတွေချည်းဘဲ၊ နောက်အချုပ်ကား ၃ စီးမှာ ယောကျ်ားလေးတွေ၊ စုစုပေါင်း အချုပ်ကား ၄ စီးရွှေ့လိုက်တယ်။ သာယာ၀တီထောင်ဘက်မှာကျတော့ သမ္မတကြီးကို သာယာ၀တီထောင်ကို ရွှေ့လိုက်ပြီလို့ အသံလွှင့်ထားတယ်”လို့ပြောပါတယ်။
တကယ်တမ်းမှာ သာယာ၀တီထောင်ကို ရောက်လာတဲ့ ထောင်ပြောင်းတွေက အင်းစိန်ထောင်က အကျဉ်းသားတွေဖြစ်ပြီး နေပြည်တော်ဘက်က လာသူတွေမဟုတ်သလို လူသိများထင်ရှားသူတွေလည်း မပါဘူးလို့ ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အာဏာစသိမ်းကတည်းက ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။
ပြည်သူတွေအတွက် သဘာဝဘေးအန္တရယ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစ်စီးဝယ်ယူ ငှားရမ်းအသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ ထိန်းသိမ်း စောင့်ရှောက်တဲ့ကိစ္စနဲ့ပတ်သတ်တဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းမှာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီက အမှုထပ်ဖွင့်လိုက်တာပါ။
ရဟတ်ယာဉ်ကိစ္စ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မ ရဲစခန်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့ပြီး ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ သမ္မတဟောင်း ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုထပ်ဖွဲ့လိုက်တာလို့ စစ်ကောင်စီပြန်ကြားရေးက နိုဝင်ဘာ ၃၀ ရက်မှာသတင်းထုတ်ပါတယ်။
နိုင်ငံခေါင်းဆောင် နှစ်ဦးဟာ နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနဲ့ ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်တွေမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြုပြီး ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်နဲ့ ခွင့်ပြုပေးခဲ့လို့ နိုင်ငံတော်၏ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှု ၁၁ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး အခု ရဟတ်ယာဉ်ကိစ္စ အဂတိမှု တမှုထပ်တိုးလိုက်သလို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ ထပ်တရားစွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲအစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို မနေ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။