မြန်မာပြည်မှာရှိတဲ့ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေနဲ့ ရှိပြီးသား လူ့စွမ်းအား အရင်းအမြစ်ကို စနစ်တကျ အသုံးချမယ်ဆိုပါက မြန်မာအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမှာဖြစ်ပြီး မကြာမီကာလမှာ အာဆီယံနိုင်ငံတွေမှာ အလယ်အလတ်အဆင့် ရောက်ရှိမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲတပ်နယ်ရှိ အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေဟာ စစ်အုပ်စုနဲ့ ခရိုနီတွေ ကသာ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားကြတာဖြစ်လို့ သယံဇာတ အကျိုးခံစားခွင့်ဟာ စစ်ခေါင်းဆောင် ပြောသလို မဟုတ်ဘဲ ကွဲလွဲနေတဲ့အကြောင်း စီးပွားရေးသုတေသီတဦးက ထောက်ပြထားပါတယ်။
“သယံဇာတတွေ ဘာတွေ ရှိတယ် ဆိုတာ မဆလ ခေတ်ကတည်းက သူတို့ အော်နေကြပဲလေ။ သယံဇာတ ဆိုတာကလည်း သူတို့ ထုတ်ယူသုံးစွဲလာတာ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်လို့ အရမ်းလျော့ကျလာပြီနော်။ နောက်တချက် ဒီ သယံဇာတွေကို ပိုင်ဆိုင်နေတာ ဘယ်သူတွေလဲ ဆိုတာ ကျနော်တို့က ကြည့်ဖို့တော့ လိုတာပေါ့။ အဲ့တော့ ထုံးစံအတိုင်း စစ်တပ်နဲ့ ခရိုနီ တွေပဲ ပိုင်ဆိုင်ကြတာ။ သူတို့ပဲ ပိုင်ဆိုင်ပြီး သူတို့ပဲ လက်ဝါးကြီး အုပ်ထားသမျှ တိုင်းပြည်က ဘယ်လိုလုပ် တိုးတက်မှာလဲ။ ဒါက အရင် ခေတ်ကတည်းကနော်။ သသံဇာတတွေက ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ သယံဇာတတွေကို ခွဲဝေမှု ပိုင်ဆိုင်မှုက ညီမျှမှု မရှိဘူး။ ဒါကြောင့် သူတို့ဘာသာ ဘယ်လောက်ပိုင်ဆိုင်တယ်ပဲ ပြောပြော ခေတ်အဆက်ဆက် စစ်အုပ်ချုပ်ရေးကို ပြန်ကြည့်ရင် ပြည်သူတွေက လူမွဲဘဝ ကနေ တက်မလာဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က အရင်အစိုးရလက်ထက်မှာ စီမံခန့်ခွဲမှု အားနည်းတာနဲ့အတူ ပြည်တွင်းစီးပွားရေးကို အားပေးမှု မရှိလို့ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ရတယ်လို့ ပြစ်တင်ခဲ့ပါတယ်။ အခုလို ပြစ်တင် ပြောဆိုခဲ့တဲ့အပေါ် စီးပွားရေးပညာရှင်တဦးက အခုလို မှတ်ချက်ပေးပါတယ်။
“ကျနော်တို့ နိုင်ငံက လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ ဒါပေမဲ့ နှစ်ပေါင်း ၅၀ ကျော်က စစ်တပ်ပဲပြောပြော တပါတီ စနစ်ပဲပြောပြော သူတို့အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ ဘာတွေ တိုးတက်အောင် လုပ်နိုင်ခဲ့လဲဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။ နောက်တချက်က NLD တာဝန်ယူခဲ့တဲ့ ၅ နှစ်တာကာလမှာ သူတို့ မကောင်းတာတွေ လုပ်ခဲ့တာကို ပြန်လည်ပြုပြင်နေရတာ။ ဘာတွေလဲဆိုတော့ သူတို့ လာဘ်သိပ်ထိုး လုပ်ခဲ့တာတွေ သူတို့ လက်ဝါးကြီးအုပ် လုပ်ခဲ့တာတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့ ပြန်စိစစ်ခဲ့ရတာ မဟုတ်ဘူးလား။ အဲ့တော့ နောက် ၅ နှစ်လောက်နေမှ သူလည်း အကောင်အထည်ဖော်နိုင်မှာပေါ့။ နှစ်ပေါင်းများစွာ ပျက်လာခဲ့တဲ့ ဟာကြီးကို ၅ နှစ်နဲ့ ပြင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ NLD လက်ထက် အမှားအယွင်း မရှိဘူးလားဆိုတော့ အမှားအယွင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ ၅ နှစ်ကာလမှာ မှားယွင်းတဲ့ အမှားအယွင်းနဲ့ နှစ် ၅၀ လောက် မှားယွင်းခဲ့တဲ့ အမှားအယွင်းက ဘယ်ဟာက အပြစ်ပိုကြီးလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ လက်ရှိအချိန်မှာ နိုင်ငံ စီးပွားရေးဟာ အတိုင်းအတာ တခုအထိ ပြန်လည်တိုးတက်လာပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုပါက မကြာမီအချိန်မှာ အာဆီယံနိုင်ငံတွေမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်မယ်လို့ ကြွားလုံးထုတ် ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ ကြွားလုံးထုတ်ပြောဆိုမှုဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
“မြန်မာပြည်က လက်ရှိ အောက်ဆုံးရောက်နေတာလေ။ အမီလိုက်ဖို့ဆိုတာ ကိုယ်က သူများထက် နှစ်ဆလောက် ကြိုးစားနိုင်မှ အလယ်အလတ် ပြန်ရောက်နိုင်မှာ မဟုတ်ဘူးလား။ ကိုယ် ရောက်နေတာက နံပါတ် ၁၀။ ဒါကို နံပါတ် ၉ နဲ့ ၈ လောက် ဖြစ်အောင် ကြိုးစားတယ်ဆိုရင် ဖြစ်နိုင်သေးတယ်။ နံပါတ် ၁၀ ရောက်နေတဲ့သူက နံပါတ် ၅ အဆင့် ရောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ပုံမှန်အခြေအနေမှာတောင် အလယ်အလတ်ရောက်ဖို့ကို တော်တော် ကြိုးစားရတာ။ အခုဟာက ပုံမှန်အခြေအနေ မဟုတ်ဘူး။ အဲ့အခြေအနေနဲ့ ဘယ်လိုလုပ် အလယ်အလတ်အဆင့် ကိုရောက်မှာလဲ။ ရည်မှန်းချက်ဆိုတာက ဖြစ်နိုင်တဲ့ ရည်မှန်းချက်ပဲ ပြောရင် တော်သေးတာပေါ့။ အခုဟာက စိတ်ကူးယဉ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် မြန်မာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲ မွဲတေမှု မျဉ်းအောက်မှာ အသက်ရှင်နေထိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဂျင်တီးနားပြည်သူတွေနဲ့ ဂေဟဗေဒအဖွဲ့အစည်းတွေဟာ ဇူလိုင် ၁၆ ရက်က မြို့တော် ဗျူးနို့စ်အေရိစ်မှာ အာဂျင်တီးနားရေပြင်ကနေ ငလျင်နည်းပညာကိုသုံးပြီး သယံဇာတ ထုတ်ယူတဲ့စီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီစီမံကိန်းဟာ အာဂျင်တီးနားပင်လယ်ကို ညစ်ညမ်းစေပြီး ရေနေအဏ္ဏဝါဘဝ အပေါ် အကျိုးသက်ရောက်နိုင်မှာကို စိုးရိမ်ရတယ်လို့ ဂေဟဗေဒပညာရှင်တွေက ပြောပါတယ်။
ငလျင်နည်းပညာ သုံးစွဲတယ်ဆိုတာဟာ ဖောက်ခွဲခြင်း၊ တုန်ခါခြင်းတွေ ဖြစ်စေတဲ့ နည်းပညာနဲ့ မြေအောက်၊ ရေအောက်က ဘဏ္ဍာသိုက်တွေကို ရှာဖွေတာဖြစ်ပါတယ်။
အာဂျင်တီးနားပင်လယ်မှာ ငလျင်နည်းပညာ သုံးပြီး ရေနံထုတ်ယူဖို့စီမံကိန်းတွေကို သူတို့ဆက်လုပ်နေကြပြီး ပလက်ဖောင်းစင်တွေကိုလည်း ဆောက်လုပ်နေတာကြောင့် ဒီနေ့ ဒီလိုစုဝေး ဖြစ်တာပါ လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
အာဂျင်တီးနား အမျိုးသားတက္ကသိုလ်မှ လေ့လာမှုတွေအရ ယိုဖိတ်မှု ဖြစ်နိုင်ခြေအန္တရာယ်က ၁၀၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျနော်တို့ရဲ့အနာဂတ်အတွက် နော်ဝေနိုင်ငံစုံ ကုမ္ပဏီဖြစ်တဲ့ Equinor လို ကုမ္ပဏီတွေရဲ့ဝင်ငွေရရှိစေဖို့ပဲ ဦးစားပေးလုပ်ဆောင်နေတာတွေကို ကန့်ကွက်တာလို့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကလေးတွေကလည်း “တို့ဘဝတွေက အရေးကြီးတယ်။ ရေနံကုမ္ပဏီတွေ ကင်းရှင်းတဲ့ပင်လယ်” စတဲ့ စာသားတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ သယံဇာတ ထုတ်ယူခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေရဲ့ တန်ဖိုးက အရမ်းဆိုးရွားနေတယ်လို့ ထင်မြင်ကြောင်း ဂေဟဗေဒဆန္ဒပြအဖွဲ့တခုရဲ့ခေါင်းဆောင် ပီလာဘာဘက်စ်က ပြောပါတယ်။
သူတို့ဟာ ဒီစီမံကိန်းကို ၈ နှစ်လောက် ဆက်လုပ်သွားကြမှာဖြစ်ပြီး သူတို့ ရေနံထုတ်ယူလိုက်တဲ့အခါ ပင်လယ်မှာ ယိုဖိတ်မှုအများကြီး ဖြစ်ပြီး ဆိုးဆိုးရွားရွား ညစ်ညမ်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းက မက္ကဆီကိုမှာ၊ ရိုမေးနီးယားမှာ၊ ရေနံတွင်း ပေါက်ကွဲမှုတွေ ကြုံခဲ့ရတာကြောင့် ကမ္ဘာကြီး ဘာတွေဖြစ်သွားမလည်း ဆိုတာကို စဉ်းစားပေး စေချင်တာလို့လည်း ပြောပါတယ်။
ဒါကြောင့် အာဂျင်တီးနားပင်လယ်ပြင်မှာ ဘယ်ရေနံကုမ္ပဏီကိုမှ လာမဆောက်စေချင်ဘူး လို့ ဆိုပါတယ်။
အခုလတ်တလောမှာပဲ အရေးကြီးတာ မဟုတ်ပဲ အနာဂတ်အတွက်ပါ အရေးကြီးတာ လို့ ပြောပါတယ်။
သမ္မတဟောင်း မော်ရူစီယိုမာခရီရဲ့သက်တမ်းအတွင်းမှာ အစိုးရဟာ ၂၀၂၅ ခုနှစ်အထိ အာဂျင်တီးနားပင်လယ်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေဖို့ ကုမ္ပဏီတွေကို ခွင့်ပြုချက်တွေ စတင်လွှဲပေးခဲ့ပါတယ်။