မကွေးတိုင်း၊ သရက်မြို့နယ်က သမန်းပြင်ရွာသား ၃ ယောက်ဟာ မတ် ၁၆ ရက်မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိတဲ့အနက် တယောက်က ခြေချင်းဝတ်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သမန်းပြင်ရွာသား ၃ ယောက်ဟာ မနေ့ မနက် ၆ နာရီလောက်မှာ တွင်းလည်ရွာအရှေ့ဘက်က ကပစ(၁၂)က သိမ်းထားတဲ့ မြေနေရာမှာ ဝါးခုတ်၊ ထင်းခွေသွားတဲ့အချိန် မြေမြုပ်မိုင်းနင်းမိပြီး ကိုသန်းစိန်ရဲ့ ဘယ်ဘက် ခြေချင်းဝတ် ပြတ်ထွက်သွားပြီး ကျန်တဲ့ ၂ ယောက်ကတော့ ယမ်းစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သမန်းပြင်ရွာသား တဦးက ပြောပါတယ်။
ဒဏ်ရာအပြင်းထန်ရရှိခဲတဲ့ ကိုသန်းစိန်ကို မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရပြီး ဘယ်ဘက်ခြေထောက်ကတော့ ဖြတ်ပစ်ရတော့မှာလို့ ပြောပါတယ်။
တွင်းလည်ကျေးရွာမှာ စစ်တပ် တပ်စွဲထားတာ ၁ နှစ်နီးပါးလောက်ရှိနေပြီဖြစ်ပြီး အဆိုပါ မြေမြုပ်မိုင်းကို ဘယ်သူ ဘယ်အဖွဲ့အစည်းက ထောင်ထားတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
မကွေးတိုင်းဒေသကြီး၊ သရက်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၅ ရက် ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မနေ့ည ၁၁ နာရီ လောက်က နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၂ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း သရက်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၁၁ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မနေ့မနက် ၇ နာရီ ၃၉ မိနစ်လောက်ကလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ် အရှေ့မြောက်ဘက် တမိုင် လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တခုလှုပ်ခတ်သွားပါတယ်။
အဆိုပါ မြေငလျင်တွေကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။