သရက်၊ အင်းစိန်နဲ့ သာယာဝတီထောင်တွေမှာ မတရားပုဒ်မတပ် ဖမ်းဆီးခံထားရတဲ့ ဒဂုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ၇ ယောက်ဟာ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မေ ၃ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ လွတ်မြောက်လာ ကြသူတွေထဲမှာ သရက်ထောင်က ၃ ယောက်၊ အင်းစိန်ထောင်က ၃ ယောက်နဲ့ သာ ယာဝတီထောင်က ၁ ယောက်စီ အသီးသီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်က အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အ ကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပြီးတော့ အဆိုပါအကျဉ်းသားတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ် အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ် ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ကြတဲ့ မဝတ်ရည်အောင်၊ မသဥ္ဇာဇော်၊ ကိုစည်သူအောင်တင်၊ ကိုရဲလင်းဦးနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း ကိုမင်းသုခတို့ အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသားတွေ ကျန်ရှိနေသေးတဲ့အပြင် မဝတ်ရည်အောင်တော့ ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီကနေ့ထိ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မတည်ငြိမ်မှုတွေ မကြာခဏရှိနေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မကွေးတိုင်း၊ သရက်မြို့နယ်၊ လျှပ်စစ်ရုံးကို ဇွန် ၆ ရက်ည ၉ နာရီခွဲလောက်က သရက်-ကံမ PDF ပူးပေါင်းတပ်ဖွဲ့၊ လင်းယုန်စစ်ဆင်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်-PDF ကနေ သိရပါတယ်။
သရက်-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီ လျှပ်စစ်ရုံးက Non CDM ဝန်ထမ်းတွေက တော်တော်မိုက်ရိုင်းနေတာဗျ။ စစ်ကောင်စီရဲ့ အလိုကျတာဝန်ထမ်းဆောင်ပြီး ပြည်သူလူထုကို မောက်မာ၊ ရိုင်းစိုင်းစော်ကားကာ မီးဖြတ်မယ်၊ မီတာဖြုတ်မယ်၊ တရားစွဲထောင်ချပစ်မယ်လို့ ခြိမ်းခြောက်နေလို့ သတိပေးတဲ့အနေနဲ့ သရက်-ကံမ PDF ပူးပေါင်းတပ်ဖွဲ့က ဗုံးခွဲသတိပေးခဲ့တာ”လို့ ပြောပါတယ်။
ရှေ့ဆက်ပြီးတော့လည်း စစ်ကောင်စီနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဒေါက်တိုင်မှန်သမျှကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားလာတာတွေမပြုလုပ်ဖို့နဲ့ ဝေးဝေးက ရှောင်ကြဖို့ သတိပေးထားပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ ရုံးအဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်။
သရက်-ကံမ PDF ပူးပေါင်းတပ်ဖွဲ့အနေနဲ့ မေ ၃၀ ရက် ညကလည်း ဆုံကုန်းကျေးရွာနားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို မိုင်ဆွဲတိုက်ခိုက်ခဲ့လို့ ရဲ ၂ ယောက်သေဆုံးကာ စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။