close

သလ္လာဝတီဆိပ်ကမ်း

close

July 10, 2022

မုံရွာမြို့ သလ္လာဝတီဆိပ်ကမ်းတွင် စက်သုံးလောင်စာဆီတင်ရေယာဉ် ၂ စီးတွဲ မီးလောင်

စစ်ကိုင်တိုင်း မုံရွာမြို့ ချင်းတွင်းမြစ် သလ္လာဝတီဆိပ်ကမ်းမှာ ဇူလိုင် ၁၀ ရက် ဒီနေ့မနက်က စက်သုံးလောင်စာဆီတင် ဖလက်ရေယာဉ် ၂ စီးတွဲ မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းတာဟာ ‌ဖလက်ရေယာဉ် ၂ စီးတွဲပေါ် တင်ထားတဲ့ ဆီပေပါတွေကို လောင်စာဆီဖြည့်နေစဉ် မတော်တဆလောင်ကျွမ်းခဲ့တာလို့ မုံရွာမြို့ အရန်မီးသတ်တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"မီးက အတော်များတယ်။ လောင်တာက ဆီပေပါတင်ထားတဲ့ ရေယာဉ်တွဲဆိုတော့ ပေပါတွေက အပေါ်ထိ မြောက်တက်သွားပြီး အကုန်ပေါက်ကွဲထွက်ကုန်တာ။ အဲဒါနဲ့ အန္တရာယ်များလာလို့ ရေယာဉ်ကို မြစ်အလယ်ခေါင်ထိ မရမက မျောချပစ်ရတယ်။ လောင်တာကတော့ ဆီဖြည့်ရင်း စလောင်တာလို့ သိထားရတယ်။” 

မီးလောင်ကျွမ်းတဲ့ ရေယာဉ်တွေဟာ အောင်ကျော်လွင်နဲ့ ပြည်ရတနာ လောင်စာဆီတင် ဖလက်ရေယာဉ် ၂ စီးတွဲဖြစ်တယ်လို့ သိရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့က စစ်ဆေးဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖလက်ရေယာဉ် ၂ စီးတွဲကတော့ နေ့လယ်ပိုင်းအ‌ချိန်ထိ မြစ်အလယ်ခေါင်မှာ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး မုံရွာမြို့ရှိ မီးသတ်တပ်ဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေနဲ့ ရေယာဉ်လုပ်သားတွေက ဝိုင်းဝန်းငြှိမ်းသတ်နေကြတယ်လို့ သိရပါတယ်။

3 hours Ago
Up