close

သဝဏ်လွှာ

close

March 5, 2023

ပအိုဝ်းတိုင်းရင်းသားအင်အားစုများအတွက် ဂုဏ်ယူကြောင်း NUG သဝဏ်လွှာပေးပို့

အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ ပအိုဝ်းအင်အားစုတွေအနေနဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council) ရဲ့ ဦးဆောင်မှုမှာ အတူတကွစုစည်းပြီး၊ လက်တွေ့ကျတဲ့ နိုင်ငံရေးအခင်းအကျင်းထဲ ဝင်ရောက် ဆင်နွှဲနေကြတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

မတ် ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက် NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းအမျိုးသားတွေအားလုံး စည်းလုံးညီညွတ်ပြီး ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ဆထက်တိုး ကြိုးပမ်းဆောင် ရွက်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။

၁၉၄၈ ခုနှစ်၊ မတ်လက ဖဆပလအစိုးရရဲ့ မြေယာခွဲဝေရေးမူဝါဒကို လက်မခံနိုင်ကြတဲ့ သထုံဒေသက ပအိုဝ်းလယ်သမား ၁၀၀၀၀ ကျော်ဟာ ပအိုဝ်းတောင်သူအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ သထုံမြို့၊ ရေကျော် ဘုန်းကြီးကျောင်းမှာ လူထုစည်းဝေးမှုကြီးတစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါ စည်းဝေးမှုကြီးမှာတော့ မြေယာခွဲဝေရေးမူဝါဒကို ပြန်လည်ရုပ်သိမ်းပေးရေးအပါအဝင် မိမိတို့လူမျိုး အမည် “တောင်သူ” လို့ ခေါ်ဆိုရေးသားခြင်း မပြုဘဲ “ပအိုဝ်း” လို့သာ ခေါ်ဆိုရေးသားပေးဖို့တောင်းဆိုခဲ့ကြပြီး ၁၉၄၉ ခုနှစ်က စတင်ပြီးတော့ တပေါင်းလပြည့်နေ့မှာ ပအိုဝ်းလူမျိုးတွေ ကျင်းပလေ့ရှိတဲ့ ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်း အမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ 

ဒါကြောင့်မို့ ပအိုဝ်းအမျိုးသားနေ့ဟာ ပအိုဝ်းလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ညွှန်းတဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ရောက်ရှိနေထိုင်နေကြတဲ့ ပအိုဝ်းလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံပြီးတော့ ဘေးရန်အပေါင်းကနေ ကင်းကွာကြ ပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။

8 mins Ago

August 12, 2022

ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု ကရင်အာဇာနည်နေ့သို့ NUG သဝဏ်လွှာပေးပို့

ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက ပြီးခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်မှစတင်ကာ မျက်မှောက်ခေတ် နွေဦးတော်လှန်ရေးအထိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်နေတဲ့ KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူတယ်လို့ NUG က ပြောပါတယ်။

ဩဂုတ် ၁၁ ရက် ဒီကနေ့ကျရောက်တဲ့ ကရင်အာဇာနည်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့တကွ ကရင်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာဟာ ဒီကနေ့မှာတော့ ၇၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ဒီနေ့ရက်အချိန်အခါဟာ ကရင်လူမျိုးတွေရဲ့ သမိုင်းနဲ့ ကရင် တော်လှန်ရေးသမိုင်းမှာ မေ့ပျောက်မရတဲ့ အောက်မေ့ဖွယ်နေ့ရက် ဖြစ်ပါတယ်။

NUG အစိုးရကတော့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် သန္နဋ္ဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒီကနေ့မှာတော့ NUG အစိုးရအနေနဲ့ ကရင်တမျိုးသားလုံးနဲ့ထပ်တူ ကရင်အာဇာနည်အပေါင်းကို အောက်မေအမှတ်ရနေပြီး ကရင်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်ကာ ကရင်လူမျိုးတွေနဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

7 months Ago
Up