close

သာကေတမြို့နယ်

close

August 10, 2022

သာကေတမြို့နယ်တွင် ရဲတပ်ကြပ်ကြီးတဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

သာကေတမြို့နယ် ၁ဝ တောင်ရပ်ကွက်၊ ဧရာဝဏ်လမ်းမ၊ ၁ဝ၈ တောင်ဘုရားအနီးရှိ ဆုထူးပန်ဘုန်းကြီးကျောင်းဘေးမှာ ဒီနေ့ နေ့လယ် ၁ နာရီလောက် ရဲတပ်ကြပ်ကြီးတဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရဲတပ်ကြပ်ကြီးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ဘယ်သူ့ကို စောင့်နေလဲတော့ မသိဘူး၊ ဆိုင်ကယ်တစီးနဲ့ လာပစ်သွားတာ၊ သေနတ်နဲ့သုံးချက် ဆက်တိုက်ပစ်တာ၊ စစ်တပ်က လူနာတင်ယာဥ်နဲ့လာသယ်သွားတယ်။"

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲတီးဝိုင်းမှ ရဲတပ်ကြပ်ကြီး ရန်နိုင်အောင်ဖြစ်ပြီး သေနတ်ဒဏ်ရာသုံးချက်ရရှိကာ ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက အားတဲ့ရက်တွေ ကယ်ရီဆွဲတာ၊ ၁ဝ၈ တောင်ဘုရားနားတဝိုက်ရယ်၊ ကမာကြည် တံတားအဆင်းနားတဝိုက် ကယ်ရီဆွဲတာလည်း ကြာပြီ၊ သူ လူစောင့်နေတဲ့အချိန် ပစ်သွားတာ။ အခြေအနေကတော့ မကောင်းဘူး၊ စိုးရိမ်ရတယ်။ မျက်လုံးရော၊ ပါးရော၊ ကျည်ဖောက်ဝင် ဒဏ်ရာရတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနော်က သာကေတ အဝိုင်းကြီးဘက်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးနေတဲ့အပြင် ဖုန်းတွေကိုလည်း စစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်မှ ၇ ရက်အတွင်း အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ကြံပစ်ခတ်ခံရလို့ ၇ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

14 mins Ago

April 16, 2022

သာကေတမြို့နယ်တွင် စစ်ကားတစီး ဗုံးပစ်ခံရပြီး ၂ ဦးသေ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်  ဧပြီ ၁၅ ရက် မနေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်က ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

လမ်းမတစ်နေရာမှာ   အကြမ်းဖက်စစ်ကောင်စီကားပေါ်ကို တော်လှန်ရေးရဲဘော်တွေက  ည ၉ နာရီ လောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၂ ဦးနေရာမှာတင်သေဆုံးခဲ့တာလို့ဆိုပါတယ်။

“ရဲဘော်တွေက ကင်းပုန်းဝပ်နေတဲ့ကားထဲကို လက်ပစ်ဗုံး ပစ်သွင်းပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ပြည်သူ့ဘက်သား အတွင်းစည်းသတင်းပေးက အဲ့ဒီနေရာမှာ ကင်းပုန်းဝပ်ဖို့ ရှိတယ်လို့ ဖုန်းဆက်အကြောင်းကြာလာတာနဲ့ ကျနော်တို့ရဲဘော်တွေ  အမြန် ဒီမစ်ရှင်ကို ဆောင်ရွက်ခဲ့တာ''လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားတွေရောက်လာပြီး သေသွားတဲ့ စစ်သား ၂ ယောက်ကို မြေပြင်မှာ ဒရွတ်တိုက်ဆွဲပြီး ကားပေါ်တင်သွားကြတယ်လို့ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်သား ၁ ဦးလည်း ဗုံးထိမှန်ခဲ့လို့ ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့ ပြောပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

4 months Ago
Up