မန္တလေးတိုင်း၊ သာစည်မြို့၊ အမှတ် ၅ ရပ်ကွက်၊ သာစည်ဘူတာအနားမှာ နိုဝင်ဘာ ၂၄ ရက်ညက “ကျော်” TV ပြင်ဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်ရာက အနီးနားက ကုန်မာဆိုင်တွေကို မီး ကူးစက်ပြီး စျေးဆိုင်ခန်း ၄ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ဘူတာနားက စျေးဆိုင်တန်းလေးမှာ မီးလောင်တာ မီးတောက်ကတော့ အကြီးကြီးပဲ။ မီးသတ်တပ်ဖွဲ့တွေ မီးထိန်းနိုင်လို့သာ တော်သေးတယ်။ အနီးအနားက မူကြိုကျောင်းနဲ့ လမ်းတဘက်မှာ မူလတန်းကျောင်းရှိနေတယ်"လို့ ပြောပါတယ်။
ကျော် TV ပြင်ဆိုင်ပိုင်ရှင် ဦးကျော်ကျော်(ခ)ဦးကျော်စွာထွန်းကို သာစည်မြို့မရဲစခန်းမှာ လျှပ်စစ်မီး ပေါ့ဆစွာ သုံးစွဲလို့ မီးပေါ့ဆမှုနဲ့ အမှု ဖွင့်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့က လူနေ နှစ်ထပ်အိမ်တစ်လုံး၊ မလှိုင်မြို့က လမ်းဦးစီးဌာနဝင်းထဲက လူနေအိမ် တစ်လုံး၊ သာစည်မြို့က စျေးဆိုင်ခန်း ၄ ခန်း မီးလောင်ခဲ့ပါတယ်။
မန္တလေးတိုင်း သာစည်မြို့ သာစည်ဘူတာက CDMဝန်ထမ်းတွေကို ဧပြီ ၁ရက်နေ့မှာ မီးရထားထွက်နိုင်ဖို့ အာဏာသိမ်း စစ်အုပ်စုက ဖိအားပေးနေတယ်လို့ မီးရထားဘူတာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"မနေ့က မီးရထားပို့ဆောင်ရေးဌာနစိတ်က ဝန်ထမ်း ၄ ဦးကို မြို့နယ်စစ်ကောင်စီက ခေါ်တယ်၊ ဧပြီလ ၁ ရက်နေ့မှာ အောင်ပန်း ကလောဘက် ရထားထွက်နိုင်အောင်လုပ်ရမယ် ပြောတယ်၊ ပို့ဆောင်ရေး ဝန်ထမ်း ၁၅၀ ကျော်က CDMလုပ်နေကြတာ အဲဒီကို ရုံပိုင်အဆင့်ရှိတဲ့ ဝန်ထမ်းတွေကို ခေါ်ပြီး ဖိအားပေးတယ်၊ ဘူတာ အရာရှိကြီးတွေကတော့ ပုန်းရှောင်နေကြတယ်။ ရတဲ့ဝန်ထမ်းနဲ့ လုပ်မယ်တဲ့ မီးရထားမှာ သူအပိုင်းနဲ့သူ အရေးပါတယ် ဖြစ်သလိုလုပ်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်"လို့ ပြောပါတယ်။
သာစည်ဘူတာမှာ မီးရထားဝန်ထမ်း ၅၀၀ ကျော်ရှိနေပြီး CDMလုပ်တဲ့ မီးရထားဝန်ထမ်းတွေကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ရာကနေ စစ်အုပ်စုက ဖယ်ရှားခိုင်းထားပါတယ်။
မတ်လ ၂၆ ရက်နေ့ကတည်းက CDM မီးရထားဝန်ထမ်းတွေဟာ ဝန်ထမ်းအိမ်ရာတွေက ဖယ်ရှားပေးခဲ့ပါတယ်။ နေထိုင်စားသောက်ရေး အခက်အခဲရှိပေမယ့် စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ချင်တာကြောင့် အဆုံးအထိ CDM လုပ်သွားမယ် လို့ သိရပါတယ်။