မန္တလေးတိုင်း၊ သာစည်မြို့နယ်ထဲမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းကို ရှောင်ကွင်းပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်မယ်ဆိုတဲ့ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက စောင့်ဖမ်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာကနေ တောင်ဂွကျေးရွာသွားလမ်းမှာ ဝေဠုသုတ မောင်းနှင်ပြီး သူရအောင် လိုက်ပါလာတဲ့ NISSAN CABSTAR မော်တော်ယာဉ်ကိုရှာဖွေရာမှာ ကားပေါ်မှာ ပုလင်းခွံအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း ၁၀ ကီလိုနဲ့ စိတ်ပြောင်းဆေးဝါး(Happy water) ၄ ဒသမ ၁၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကာလဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၁ သိန်းကျော် ရှိပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်တောင်ပိုင်းကနေ မန္တလေးတိုင်းကိုသယ်ဆောင်လာတာလို့ သိရပြီး ကွင်းဆက်တွေကိုလည်း စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း သာစည်မြို့နယ် ကြပ်စခန်းကျေးရွာအုပ်စု ကြပ်စခန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဇူလိူင် ၂၀ ရက် မနက်က သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မိုးမလင်းခင် မနက်အစောကြီးက သေနတ်သံတွေ ကြားရတယ်၊ မနက်လင်းတော့ အုပ်ကြီးတို့ လင်မယားကို အိပ်ရာထဲအထိ ဝင်ပစ်သွားတာ ၂ ဦးလုံး သေသွားတယ်။ ကျည်ဆန်အခွံတွေလည်း တော်တော်များ တွေ့ရတယ်၊ အလောင်းတွေကိုတော့ ယင်းမာပင်ရွာဆေးရုံ ပို့ထားတယ်။”
ကြပ်စခန်းကျေးရွာအုပ်စုမှာ ရွာ ၅ ရွာ ရှိကာ အသက် ၅၅ နှစ်အရွယ် ဦးနေလင်းအောင်ဟာ အုပ်စု အုပ်ချုပ်ရေးမှူးတဦးဖြစ်ပြီး ဇနီးဖြစ်သူက ဒေါ်အေးလင်းသက် ဖြစ်ပါတယ်။
ဘယ်အဖွဲ့အစည်းက ဘာကြောင့် အခုလို ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။