ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ဧပြီလအတွင်း တောဆင်ရိုင်း ဖျက်ဆီးမှုကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတဦး တောဆင်းရိုင်းနင်းခံရလို့ သေဆုံးခဲ့တယ်လို့ သစ်တောဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာနဲ့ ရွှေဇံအိုးကျေးရွာ အုပ်စု၊ ကြက်ပေါင်စမ်းကျေးရွာမှာ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် အဆောက်အအုံတွေ ပျက်စီးခဲ့သွားပါတယ်။
ဒါ့အပြင် လှေကြီးတက်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာမှာ ဧပြီ ၁ ရက်က ရွာသား ဦးကြည်လွင်ဟာ ရှောက်ချောင်း(ဒေသအခေါ်)အတွင်း ရေသွားချိုးချိန်မှာ တောဆင်ရိုင်းတွေနဲ့ တွေ့ပြီး လိုက်လံ နင်းချေ သတ်ဖြတ်ခံခဲ့ရတာပါ။
သစ်တောဌာနနဲ့ နီးစပ်သူ အမျိုးသားတဦးက “သာပေါင်းမြို့နယ်ထဲမှာပဲ ဧပြီလအတွင်း တောဆင်ရိုင်းက ကျေးရွာတွေထဲ ဝင်ရောက် ဖျက်ဆီးတာတွေ သုံးကြိမ်ရှိပြီ။ နှစ်ကြိမ်က လူနေအိမ်ကို ဖျက်ဆီးသွားတယ်။ တစ်ကြိမ်က တောဆင်းရိုင်းနင်းလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာကို ဖြစ်သွားတာပါ”လို့ ပြောပါတယ်။
သာပေါင်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာမှာ ဧပြီ ၂ ရက်က တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့လို့ ဦးသန်းကြည်ရဲ့နေအိမ် ပျက်စီးခဲ့ပြီး ဧပြီ ၆ ရက်ကလည်း ကြက်ပေါင်စမ်းကျေးရွာမှာ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးလို့ ဦးမြင့်ထွေးရဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒုရဲအုပ်တယောက်ဟာ မိမိကိုယ်ကိုယ် ခြောက်လုံးပြူးသေနတ်နဲ့ ပြန်ပစ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။
အဆုံးစီရင်ခဲ့တဲ့ ဒုရဲအုပ်ဟာ လှေကြီးတက်ရွာက စက္ကူပျော့ဖက်စက်ရုံမှာ ရဲကင်းမှူးလုပ်နေတဲ့ အသက်ကြီး ဒုရဲအုပ်ဖြစ်ပြီး သူ့ရဲ့ရက်လည်ကိုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အသက်ကတော့ ကြီးနေပြီး အဲ့ဒုရဲအုပ်က သဘောကောင်းတယ်။ သိသလောက်တော့ သူက ရွာကို တော်တော် ကာကွယ်ပေးခဲ့တာရှိတယ်။ အဖမ်းအဆီးခံရတာမများအောင် သူတတ်နိုင်သလောက် ကွယ်ပေးခဲ့တယ်။ ဘယ်လို ဖြစ်ပြီး အဆုံးစီရင်သွားတယ်ဆိုတာတော့မသိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ဒုရဲအုပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သက်ကြီးပင်စင်တင်ခဲ့ပေမဲ့ အထက်က ပင်စင်ချမပေးတာကြောင့် စိတ်ညစ်ပြီး ခုလို့ အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သုံးသပ် ပြောဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်ကလည်း မြောင်းမြမြို့နယ်အတွင်းက နယ်မြေရဲစခန်းမှူး ရဲအုပ်တယောက် မိမိကိုယ်ကို သေနတ်နဲ့ပစ်သတ်ပြီး အဆုံးစီရင်မှုဖြစ်ခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။