သရက်၊ အင်းစိန်နဲ့ သာယာဝတီထောင်တွေမှာ မတရားပုဒ်မတပ် ဖမ်းဆီးခံထားရတဲ့ ဒဂုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ၇ ယောက်ဟာ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မေ ၃ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ လွတ်မြောက်လာ ကြသူတွေထဲမှာ သရက်ထောင်က ၃ ယောက်၊ အင်းစိန်ထောင်က ၃ ယောက်နဲ့ သာ ယာဝတီထောင်က ၁ ယောက်စီ အသီးသီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်က အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အ ကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပြီးတော့ အဆိုပါအကျဉ်းသားတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ် အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ် ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ကြတဲ့ မဝတ်ရည်အောင်၊ မသဥ္ဇာဇော်၊ ကိုစည်သူအောင်တင်၊ ကိုရဲလင်းဦးနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း ကိုမင်းသုခတို့ အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသားတွေ ကျန်ရှိနေသေးတဲ့အပြင် မဝတ်ရည်အောင်တော့ ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီကနေ့ထိ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မတည်ငြိမ်မှုတွေ မကြာခဏရှိနေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ CDM ဝန်ထမ်းတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်ကောင်စီက အလုပ်ကြမ်းတွေစေခိုင်းပြီး အကြမ်းဖက် ရိုက်နှက်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအချုပ်သားတွေဟာ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတုန်း အဆင့်မှာပဲ အလုပ်ကြမ်းတွေ စေခိုင်းခံနေရတာ၊ အကြမ်းဖက် ရိုက်နှက်ခံနေရတာတွေဟာ အကျဉ်းထောင်ဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် အပြင်းအထန် ကန့်ကွက်တယ်လို့ အချုပ်သားတယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“အထဲကိုရောက်နေတဲ့ ကျနော့်မိသားစုဝင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် Speak Out လုပ်ပေးဖို့ လူကြုံမှာလိုက်တယ်။ အိမ်သာကျင်းတူးခိုင်းတာတို့၊ ထမင်းစားရတာ သောက်ရတာလည်း ဆိုးဆိုးရွားရွားကြီးကို ဆက်ဆံခံရတယ်ပေါ့ဗျာ။ အဲ့လိုမျိုးတွေ ပြောခိုင်းတယ်ဗျ။ သူ့တယောက်တည်းအတွက်တော့ မဟုတ်ဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ်မချခင်မှာ ဒီလိုမျိုးတွေ မတရားခိုင်းစေတာတွေ အနိုင်ကျင့်တာတွေက ဘယ်လိုဥပဒေမှလည်း မရှိခဲ့ဘူးဆိုတော့လေ။ ဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့လေ။ သူတို့ရဲ့ စီမံအုပ်ချုပ်မှုက အရမ်းညံ့ဖျင်းတယ်ပေါ့။ အဲဒီလိုပဲ ပြောရမယ်။”
သာယာဝတီထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ကို ထောင်အာဏာပိုင်တွေက ကန့်သတ်ထားပြီး ၂ ပတ်မှာ ၁ ကြိမ်သာ တွေ့ဆုံခွင့်ပေးမယ်လို့ စက်တင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။ တွေ့ဆုံရာမှာလည်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိပဲ အများဆုံးတွေ့ဆုံခွင့်ရမှာဖြစ်ပြီး အကျဉ်းသားတဦးကို တလ ငွေကျပ် ၁ သိန်းထက်ပိုပြီး မိသားစုက မပေးဖို့လည်း ကန့်သတ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာခံရသူ ၁၂,၅၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၅ ရက်နေ့အထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။
မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး စာရင်းပျောက်နေတဲ့လူငယ်တွေ၊ ဘယ်အကျဉ်းထောင် ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာ သတင်းမရတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေခဲ့တာပါ။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရကြဘဲ စစ်ကောင်စီက စီမံချင်သလို စီမံပြီး တရားစွဲဆို ထောင်ချတာတွေကို ရင်ဆိုင်နေကြရပါတယ်။