ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော်ပြန်လွှတ်ပေးတဲ့အထဲမှာ ပြည်ထောင်ကနေ နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၄၈ ယောက်၊ ပေါင်းတည်ထောင်က ၃ ယောက် လွတ်မြောက်ခဲ့တယ်လို့ ဒေသခံ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းကနေ သိရပါတယ်။
ထောင်ရှေ့မှာ သွားကြိုနေတဲ့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တယောက်က “ပြည်ထောင်မှာက ပထမ စာရင်းရတာက ၄၉ ယောက်၊ အဲ့ဒီမှာ တယောက်က တခြားပုဒ်မ တခုက ကျန်နေတော့ ၄၈ ယောက်ဖြစ်သွားတာ။ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၁၂ ယောက်တို့ပဲလွတ်တာ။ အားလုံးက ၅၀၅ တွေပဲ။ အခုမနက် ၁၀ နာရီ မိနစ် ၅၀ မှာ ပထမအသုတ်အနေနဲ့ စလွှတ်နေပြီ” လို့ ပြောပါတယ်။
ပေါင်းတည်ထောင်ကတော့ မနက် ၁၀ နာရီမှာ စလွှတ်ပြီး ၅၀၅ ပုဒ်မ တပ်ထားတဲ့ ကိုမြခိုင်၊ ကိုအောင်ဆန်းလင်းနဲ့ မသီတာတို့ပဲ လွတ်လာကြပြီး သူတို့အားလုံးက နတ္တလင်းမြို့နယ်ထဲမှာ နေတဲ့သူတွေဖြစ်တယ်လို့ ပေါင်းတည်ထောင်ရှေ့ သွားစောင့်နေသူ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တယောက်က ပြောပါတယ်။
သာယာဝတီထောင်မှာတော့ အင်းစိန်ထောင်ကနေ ထောင်ပြောင်းလာသူ ၁၂ ယောက်နဲ့ လက်ပံတန်းမြို့မှာနေသူတယောက် ပြန်လွတ်တယ်လို့ စာရင်းသိရပြီး အခုထိတော့ အပြင်မရောက်သေးဘူးလို့ သာယာဝတီထောင် ဝန်ထမ်းတယောက်ထံက သိရပါတယ်။
စစ်ကောင်စီက ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူတွေ စိတ်နှလုံးချမ်းသာအောင်၊ လူသားအချင်းချင်းစာနာမှုတွေနဲ့ အကျဥ်းထောင်အသီးသီး၊ အချုပ်ထောင်အသီးသီး၊ စခန်းအသီးသီးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ယောက်ကို မတ်လ ၃ ရက် နေ့စွဲနဲ့ လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။
လွတ်မြောက်ခဲ့သူတွေက ပုဒ်မ ၄၀၁၊ အပိုဒ် ၁ အရ နောက်ထပ် တစုံတရာ ပြစ်မှုကျူးလွန်ရင် ပထမလက်ကျန်နှစ်ကို ပြန်ခံရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီ အရပ်၀တ်အင်အား ၃၀ ကျော်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ ည ၇ နာရီလောက်မှာ စစ်ကောင်စီရဲ့ မြို့နယ်စည်မံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဗိုလ်မှူး ကြည်မျိုးလွင်နဲ့ လူအုပ်စုတစုက လာဖျက်ကြတာလို့ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာ၀န်ရှိသူတယောက်က ပြောပါတယ်။
“ရှေ့ကအလံတိုင်တွေတောင် မချန်ဘူး၊ အကုန်ဖျက်နေကြတာ။ ညနေ ကျနော် သတင်းရချိန်အထိတော့ ရှေ့ပိုင်းတွေ အကုန်ဖြိုချပြီးသွားပြီ၊ ဆက်တော့လုပ်နေတုန်းပဲ။ မီးလည်း ဖျက်ထားတယ်၊ သူတို့က အရင်အကြောင်းကြားတာတို့တောင် မလုပ်ဘူး။ ရုံးကို ပိတ်သိမ်းပါတို့၊ ဆိုင်းဘုတ်ဖြုတ်ပါတို့ ဘာတို့ ဘာတခုမှ အကြောင်းမကြားပါဘူး။ လူမိုက်ဆန်ဆန်၊ လူရမ်းကားဆန်ဆန် လာလုပ်သွားကြတာ။ နောက်ပြီး ဗိုလ်မှူး ဆိုတဲ့သူကပါ ဦးဆောင်ပြီး လုပ်တာဆိုတော့ တော်တော်လေး အံ့ဩမိတယ်။ အရပ်၀တ် လူအုပ်ကတော့၊ ပျူ နဲ့ မဘသတွေ။ သာယာ၀တီမှာက မဘသ အရမ်းအားကောင်းတာ။ ပြီးခဲ့တဲ့ တလလောက်ကလည်း ၀ီရသူ လာတော့ ပွဲအကြီးကြီး လုပ်ပေးကြတာ။"
သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆရာစံမြို့သစ်၊ လ.၀.က ရုံးဘေးမှာ တည်ရှိပြီး ပျဉ်ထောင် သွပ်မိုး အဆောက်အဦတခု ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ပဲခူးတိုင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖျက်ဆီးခံရတာ ပထမဆုံး ဖြစ်ပါတယ်။