close

သာယာ၀တီ

close

May 23, 2022

သာယာ၀တီမြို့နယ်ရှိ သိန်းမေတ္တာဆန်စက် မိုင်းခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာရှိ သိန်းမေတ္တာဆန်စက်ကို မေ ၂၃ ရက် မနက်က မိုင်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီမနက် ၃ နာရီလောက်မှာ ပထမအကြိမ် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ကုန်ကားတစီးနဲ့ ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်း စီးလာတဲ့ ကားတစီး ပျက်စီးသွားပြီးနောက် စစ်ကောင်စီတပ်ကို လှမ်းအကြောင်းကြားလိုက်ရာ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က လာရောက် စစ်ဆေးစဉ် ဆန်စက်အပြင်မှာ ထောင်ထားတဲ့ မိုင်းတွေ  ထပ်မံပေါက်ကွဲပြီး  စစ်ကောင်စီ တပ်သား ၅ ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့ပါတယ်။

သိန်းမေတ္တာဆန်စက်က ရန်ကုန်-ပြည်လမ်းမပေါ်က သာယာ၀တီမြို့နဲ့ လက်ပံတန်းမြို့ကြားက ဂုံမင်းမြောင်ကျေးရွာမှာ တည်ရှိပြီး အဲဒီဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းက တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းအတွက် ဆန်ရိက္ခာ ထောက်ပံ့ပေးနေသူဖြစ်သလို လိုအပ်တဲ့ဆန် ၀ယ်ပေးနေရတဲ့ အ၀ယ်တော်တယောက်လည်း ဖြစ်ပါတယ်။ 

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သာယာ၀တီမြိုနယ်ထဲက ဒေသခံ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဂုံမင်းမြောင်ရွာနဲ့ သာယာ၀တီမြို့တွေမှာလည်း စစ်ဆေး ဖမ်းဆီးနေကာ ဒေသခံ တချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သာယာ၀တီမြို့နေသူ တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို  ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုမှ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီးရဲ့ "နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု" အဖြစ် ဆောင်ရွက်ခဲ့တာလို့ Bago Region PDF ကထုတ်ပြန်ပါတယ်။

သိန်းမေတ္တာဆန်စက်ဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်ဖြစ်နေရုံသာမက သူ့ မိသားစု ကိုင်ဆောင်ဖို့ စစ်တပ်ကပေးထားတဲ့သေနတ်နဲ့ ပြည်သူကို အနိုင်ကျင့်နေတာကြောင့် အခုလို တိုက်ခိုက်ရလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်လို့  သိန်းမေတ္တာဆန်စက် တာဝန်ရှိသူတွေဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသလို   စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

3 hours Ago

August 4, 2015

ကျောင်းသားများက ရဲအရာရှိတွေကို တရားစွဲမှု ရုံးတင်စစ်ဆေး

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီ ခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်မှာ သာယာဝတီထောင်တွင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက  ရဲတွေကို တရားစွဲဆိုတဲ့အမှုကို နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။ ကျောင်းသားတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “ဒီနေ့ ရုံးချိန်းကတော့ ရဲမှူးဖုန်းမြင့်နဲ့ စခန်းမှူး ဒု-ရဲမှူးဆန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ အတွက် လျှောက်လဲချက်ပေးတယ်။ လျှောက်လဲချက်ပေးပြီးတော့ ဦးကြီးမြင့်က ဆက်လက်ပြီးတော့ သူ့ကို စစ်ဆေးတယ်။ အမိန့်ကတော့ ၁၁ ရက်နေ့မှချမယ်။” လို့ ပြောပါတယ်။ ရဲတွေကို တရားစွဲပေးဖို့ ကျောင်းသားတွေက ပြီးခဲ့တဲ့သီတင်းပတ်ရုံးချိန်းမှာ လျှောက်လွှာတင်ခဲ့ပါတယ်။ အာမခံလျှောက်ထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၈ ယောက်ရဲ့ အာမခံလျှောက်လွှာကတော့ မပြည့်စုံလို့ဆိုပြီး အာမခံမပေးတဲ့အတွက် ဒီကနေ့  ထပ်မံ လျှောက်ခဲ့ပါတယ်။ ရုံးထွက်လာတဲ့ ဗကသကျောင်းသားတွေက လက်ပံတောင်း ကြေးနီစီမံကိန်းဒေသက ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ၃ သိန်း ပေးလှူကြပါတယ်။ မြန်မာပြည်ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီက မနက်ဖြန် သာယာဝတီထောင်ကို သွားရောက်ပြီး ဖမ်းဆီးခံ ကျောင်းသားတွေကို  တွေ့ဆုံမှာဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခဲ့တာကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။
7 years Ago

လက်ပံတန်းနှင့် သာယာဝတီခရိုင်ရှိ ကျေးရွာအချို့ ရေနစ်မြုပ် (သတင်းဓာတ်ပုံ)

ရေကြီး ရေလျှံမှုကြောင့် ပဲခူးတိုင်းအနောက်ဘက်ခြမ်း လက်ပံတန်းနဲ့ သာယာဝတီခရိုင်က ကျေးရွာတချို့ ရေနစ်မြုပ်နေပါတယ်။ လက်ပံတန်းမြို့နယ်ထဲက ဖိုးကတိုးရွာ၊ သာယာဝတီခရိုင်ထဲက သူဌေးကုန်း၊ ဇီးပင်ကုန်း၊ ဇိုင်းသွယ်နဲ့ သပြေကုန်းကျေးရွာတွေမှာ ရေကြီးရေလျှံပြီး ဒေသခံတွေ ဒုက္ခရောက်နေကြတာပါ။ ဇိုင်းသွယ်ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး တခြားရွာတွေမှာတော့ ၂၀၀ ဝန်းကျင်ရှိပါတယ်။ ရွာသားတွေဟာ ရေလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြပြီး တချို့ကတော့ အိမ်ထဲမှာပဲ ဆင့်ထိုးပြီး နေနေကြပါတယ်။ မီးမရတဲ့ ရွာတွေဖြစ်လို့ ညဘက်မှာ မြွေတွေ တက်လာတတ်တာကြောင့် ညမအိပ်ရဘဲ မြွေအန္တရာယ်ကို စိုးရိမ်နေကြရပါတယ်။ ဒါ့အပြင် အဲ့ဒီ နေရာတွေမှာပဲ နောက်ဖေးစွန့်နေရပြီး အဲဒီရေတွေကိုပဲ ပြန်သုံးနေရတာကြောင့် ဝမ်းရောဂါ အပါအဝင် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လောလောဆယ် ဒေသခံတွေရဲ့ ကူညီမှုကိုပဲ ရရှိကြပြီး လူဦးရေများလို့ လုံလောက်မှုမရှိဘဲ ဒုက္ခရောက်နေကြလို့ ရေဘေးကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ကူညီမှုတွေကို လိုအပ်နေပါတယ်။ ဒေသခံတဦးက အဝတ်အစား မလိုအပ်ဘဲ အစားအစာနဲ့ ရေသန့်တွေ အဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။ ဓာတ်ပုံ - ကြည်ကြည် (လက်ပံတန်း)  
7 years Ago

ဖမ်းဆီးခံကျောင်းသားများ သာယာဝတီရုံးထုတ် မြင်ကွင်း (ဓာတ်ပုံ)

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီ ခရိုင်တရားရုံးမှာ ဒီကနေ့ သြဂုတ် ၄ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ လက်ပံတန်း ကျောင်းသားသပိတ်ကြောင့်  သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး  ရဲတပ်ဖွဲ့ကို ပြန်လည် တရားစွဲဆိုထားတဲ့အမှုကိုလည်း ဒီနေ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ကောင်းထက်ကျော်  
7 years Ago
Up