close

သိန္နီမြို့နယ် ရေပူကုန်သွယ်စစ်ဆေးရေးဂိတ်

close

May 19, 2021

သိန္နီမြို့နယ် ရေပူကုန်သွယ်စစ်ဆေးရေးဂိတ်တွင် တိုက်ပွဲ​ဖြစ်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊  ရေပူကျေးရွာ ကုန်သွယ်စစ်ဆေးရေးဂိတ် (၂၁ မိုင်) မှာ မေ ၁၉ ရက် မနက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ​ ဖြစ်ပွားပြီး  အရပ်သား ၂ ယောက် သေနတ်ကျည်ဆန်ထိမှန်  ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီမနက် ၆ နာရီမှ စတင်ပြီး မနက် ၁၀ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ခရီးသွားယာဉ်တွေ   ရပ်နားထားရသလို ယာဉ်မောင်းတစ်ယောက်နဲ့  ကုန်တင်ကုန်ချအလုပ်သမား တစ်ယောက်  သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့  မျက်မြင်ရွာသားတစ်ဦးက ပြောပါတယ်။

"ဒီနေ့မနက်ပိုင်း  ကစပြီး တိုက်ပွဲဖြစ်ပွားလိုက် ရပ်လိုက် ဖြစ်နေတာ။ ရေပူစစ်ဆေးရေးဂိတ် တာဝန်ကျသူတွေ တစ်ယောက်မှ မရှိတော့ဘူး။ ရွာသားတွေက ပြေးတဲ့သူ ပြေးကုန်ပြီ"လို့ အနီးကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး TNLA ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဘယ်အဖွဲ့နဲ့တိုက်ပွဲဖြစ်တာလဲဆိုတာ  မသိရကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ခုရက်ပိုင်းအတွင်း  မူဆယ် - ကွတ်ခိုင် - သိန္နီ ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက် အ​ကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ခရီးသွားပြည်သူတွေ၊ ကုန်တင်ယာဉ်မောင်းတွေနဲ့ ဒေသခံတွေဟာ လက်နက်ကြီး လက်နက်ငယ်တွေ ထိမှန်တာတွေရှိသလို ဆက်လက်တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

4 mins Ago
Up