close

သိန္နီမြို့

close

March 5, 2022

သိန္နီမြို့တွင် လျှပ်စစ်ကုမ္ပဏီနှင့် မြန်မာစီးပွားရေးဘဏ်အနီး ဗုံးပေါက်

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့၊ လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးဘေးက မြသင်းကြူလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီရုံးအရှေ့နဲ့ မြန်မာစီးပွားရေးဘဏ်နားမှာ မတ် ၄ ရက် နေ့လယ်က ဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီ သက်ဆိုးရှည်အောင် ပြည်သူတွေအပေါ် လျှပ်စစ်မီတာခကောက်ခံရာမှာ စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေလိုက်ပါစေပြီး အတင်းအဓမ္မခြိမ်းခြောက်တာ မီတာခ ပိုမို ကောက်ခံတာတွေအပြင် မီးဖြတ်တောက်တာတွေကြောင့် မြသင်းကြူ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီကို နေ့လယ် ၂ နာရီလောက်က ဗုံးခွဲသတိပေးခဲ့တာလို့ သိန္နီပြည်သူ့ကာကွယ်ရေး တပ်(TNPDF)က သတင်းထုတ်ပြန်ပါတယ်။

အလားတူ နေ့လယ် ၃ နာရီလောက်က သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်က စစ်ကောင်စီထောက်ခံအားပေးပြီး ဒလန်လုပ်နေတဲ့ NON CDM ဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအစောင့်ချထားတဲ့ကြားက ဗုံးခွဲခဲ့ပါတယ်။

သိန္နီမြို့ ၊အမှတ် ၂ ရပ်ကွက်နေထိုင်သူတစ်ဦးက” လျှပ်စစ်သုံးစွဲနေရတဲ့ ပြည်သူတွေဟာ စားဖို့ထက် မီတာခပေးဖို့ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။နိုင်ငံရေးကမကောင်း ရောဂါတွေကဖြစ် စီးပွားရေးကမကောင်းတော့ လူတွေက ဒုက္ခရောက်ခဲ့ကြရတယ်။ အခုတော့ သူတို့ အဘအားကိုးနဲ့ လူမိုက်လုပ်ခဲ့ကြတဲ့ အကျိုးဆက်တွေလေ။ ကျနော်တို့မြို့က ဒလန်များပြီး ကိုယ့်ကျိုးကြည့်တဲ့ သူများတယ်”လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက မီတာခံမပေးဆောင်တဲ့နေအိမ်တွေကို အတင်းအဓ္ဓမ ခြိမ်းခြောက်တောင်းခံဖို့နဲ့ ပေးဆောင်ခြင်းမရှိတဲ့နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ စစ်ကောင်စီရဲ့ လက်အောက်ခံ လားရှိုးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကိုယ်တိုင် သိန္နီမြို့ကို လာရောက်ညွှန်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီပြည်သူ့ကာကွယ်ရေးတပ်(TNPDF)အနေနဲ့ မြို့တွင်းလှုပ်ရှားစစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူလူထုအပေါ် အာဏာရှင်စရိုက်နဲ့ မတရား အမိန့်အာဏာပြနေတဲ့ မည့်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့စည်း မည်သည့်နေရာမှာမဆို လစ်လျူရှူ နေမှာမဟုတ်ဘဲ ထပ်မံလုပ်ဆောင်လာခဲ့ရင် ယခုထက်ပိုမို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အထူးသတိပေးချက်အနေနဲ့ သိန္နီမြို့မရဲစခန်းက ရဲတပ်ဖွဲ့ ဝင်တွေအနေနဲ့ ပြည်သူအကျိုးမကြည့်ဘဲ စစ်တပ်အားကိုးပြီး ပြည်သူ့ဘက်တော်သားတွေကို အင်အားသုံးဖမ်းဆီးပါက အနှေးနဲ့အမြန် အထိ ရောက်ဆုံးနဲ့အပြင်းထန်းဆုံး တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိန္နီပြည်သူ့ကာကွယ်ရေး တပ်(TNPDF) ဆိုပါတယ်။

11 mins Ago

December 24, 2021

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အနီး စစ်ကောင်စီတပ်နှင့် TN.PDF တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အထွက်(ဗြုန်းတောင်အနီး) လားရှိုး-မူဆယ်ကားလမ်းမကြီးဘေးမှာ စစ်ကောင်စီရဲ့တပ်နဲ့ သိန္နီမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(TN.PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက် ၂ နာရီလောက်က ကွတ်ခိုင်မြို့ဘက်ကိုဦးတည်ပြီး ခြေလျင်တက်လာတဲ့ စစ်ကောင်စီရဲ့  ရှေ့ပြေးစစ်ကြောင်း အင်အား ၅၀ နီးပါးကို  TN.PDF ပြောက်ကျားအဖွဲ့က သိန္နီမြို့ အထွက် ဗြုန်းတောင်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီရဲ့တပ်က မြို့တွင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

သိန္နီမြို့ခံပြည်သူတစ်ဦးက “မနက် စောစောတည်းက တိုက်ပွဲဖြစ်နေတာ။ မြို့နားမှာဖြစ်တော့ အသံက ကြားနေရတယ်။ ပစ်ခတ်သံက မိနစ်အနည်းငယ်ပဲကြားလိုက်တယ်။ ခဏနေ ခွေးဟောင်သံတွေ မြို့တွင်းမှာ ဆူညံနေလို့ထကြည့်တော့ မြို့တွင်းကို တပ်ကပြန်ဆုတ်လာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီရဲ့တပ်မ ၉၉ က အဓိကဦးဆောင်ပြီး အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ လားရှိုး- သိန္နီကြား မိုင်းလီကျေးရွာအနီးမှ စတင်ကာ စစ်ကြောင်း ၆ ကြောင်းခွဲကာ ခြေလျင်ချီတက်လာပြီး သိန္နီမြို့နယ်ဘက်သို့ ဦးတည်ခဲ့တယ်လို့  TN.PDF သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဆက်လက်ပြီး နေ့လယ် ၁ နာရီလောက်မှာ သိန္နီမြို့ကနေ စစ်ကောင်စီရဲ့တပ်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကွတ်ခိုင်မြို့ကို ပြန်လည်ဦးတည်ထွက်ခွာလာခဲ့ရာ သိန္နီ-ကွတ်ခိုင်ကြား၊ မန်ပြိန်းရွာ အပေါ်ဘက် ဘုရားတောင်အနီး တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့တပ်တွေဟာ အထိနာခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာသွားခဲသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မသိရှိရသေးဘူးလို့  TN.PDF က ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်ထောင်စုလမ်းပေါ် သွားလာနေတဲ့ ယာဉ်တွေ မိနစ်အနည်းငယ်ကြာ ယာဉ်သွားယာဉ်လာ ရပ်နားထားခဲ့ရပါတယ်။

သိန္နီမြို့နယ် အနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့တပ်စစ်ကြောင်းတွေဟာ အင်းအားအလုံးရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အတွက် မဟာမိတ်တိုင်းရင်းသားလက်ကိုင်တပ်တွေနဲ့ TN.PDF အဖွဲ့တွေက စစ်ကောင်စီတပ်တွေကို အပြင်းအထန် တိုက်ခိုက်ချေမှူန်းသွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ချိတ်ဆက်သတင်းပေးပို့ဖို့နဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ TN.PDF အဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။

2 months Ago
Up