close

သိန်းနီ

close

January 22, 2022

သိန်းနီမြို့တွင် မီတာခခြိမ်းခြောက်တောင်းခံ၊ လျှပ်စစ်မီးဖြတ်တောက်နေ

ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့မှာ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းကစတင်ပြီး မြသင်းကြူ လျှပ်စစ်ကုမ္ပဏီက မီတာခမပေးဆောင်တဲ့နေအိမ်တွေကို ခြိမ်းခြောက်ငွေတောင်းခံတဲ့အပြင် လျှပ်စစ်မီးဖြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီတာခံမပေးဆောင်သူတွေကို အတင်းအဓမ္မခြိမ်းခြောက်တောင်းခံဖို့နဲ့ ပေးဆောင်ခြင်းမရှိ တဲ့နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ စစ်ကောင်စီရဲ့လက်အောက်ခံ လားရှိုးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကိုယ်တိုင် သိန်းနီမြို့ကိုလာရောက် ညွှန်ကြားခဲ့တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သိန်းနီမြို့၊ အမှတ် ၃ ရပ်ကွက်နေ အမျိုးသားတစ်ဦိးက ‘ အခုကျနော်တို့မြို့က ကိုဗစ်နဲ့ နလန်ထူမလို့ ရှိသေးတယ်။ နိုင်ငံရေးက မကောင်းတဲ့ကြားက မီးဓားမြတွေက တမျိုး။ မီတာခဆောင်လည်း မီးပျက်တယ်။ မဆောင်လည်း ပျက်တယ်။ ဘာမှ မထူးဘူး။ အခုလိုအချိန်မှာ လူတိုင်းစားဝတ်နေရေး မနည်းရုန်းကန်နေရတယ်။ အခြေခံလူတန်းစားတွေက ဖိနှိမ့်ခံ ခြိမ်းခြောက်ခံနေရတဲ့ဘဝ။ ဘယ်သူအဖေ ခေါ်ရမှန်း မသိတော့ဘူး”လို့ ပြောပါတယ်။

ဒီဇင်ဘာလက ထရန်စဖော်မာချို့ယွင်းမှုကြောင့် လျှပ်စစ်မီး နှစ်ပတ်နီးပါးပြတ်တောက်ခဲ့ပေမယ့် မီတာခကောက်ခံရာမှာ အရင်လတွေအတိုင်း သုံးစွဲယူနစ်လျော့နည်းတာမရှိဘဲ‌ ပုံမှန်ကောက်ခံသလို လစဉ်အမှန်တကယ် မီတာသုံးစွဲယူနစ်ထက်  ၂ ဆ နီးပါးဖြစ်နေတာတွေကို တာဝန်ရှိတဲ့သူတွေကို‌ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြောဆိုပေမယ့် ကုမ္ပဏီက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးတာ မရှိတဲ့အတွက် နစ်နာတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက” လကုန်ခါနီးရက် ၂၀ လောက်ဆိုရင် မီတာစာရွက်ရောက်လာပြီ။ အမှန်တကယ်ကျသင့်တဲ့ ယူနစ်ထက် နှစ်ဆနီးပါးတက်နေတယ်။ ကျသင့်တဲ့ မီတာသုံးစွဲယူနစ်ကို လာမဖတ်ဘဲ မီတာစာရွက်မှာ ဘယ်လို တွက်ချက်နေလည်းတော့ မသိဘူး။ ကျမတို့က တလလည်းမဟုတ် လစဉ်ဖြစ်နေတော့ နစ်နာတယ်”လို့ ဆိုပါတယ်။

မြို့ခံပြည်သူတွေအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှု အဆိုးဝါးဆုံးအခြေအနေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရသလို အခြေခံလူတန်းစားတွေဟာ လူမှုစီးပွားရေး၊ စားဝတ်နေရေး အခက်အခဲတွေရင်ဆိုင်ခဲ့ရတဲ့အတွက် ပိုလျှင်လှူ  လိုလျှင်ယူ အစီအစဉ်တွေနဲ့ ပြည်သူမှ ပြည်သူကို ပြန်လည်ကူညီမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

38 seconds Ago

May 17, 2021

သိန်းနီမြို့နယ် ပြည်သူ့ဆေးရုံကြီးက CDM ဝန်ထမ်းများခြိမ်းခြောက်ခံနေရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့နယ် ပြည်သူဆေးရုံကြီးက CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူးက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့၊ နိုင်ငံတော်က ထုတ်ပေးထားတဲ့ ဆုကြေးငွေ ၂ လစာကို ပြန်လည်ပေးဆပ်ဖို့နဲ့ ပြန်လည်မပေးဆပ်ရင် တရားစွဲမယ်လို့  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ ဇော်မိုးအောင်က ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်တဲ့အထိ ဘယ်လိုဖိအားပေး ခြိမ်းခြောက်မှုမျိုးကိုမဆို ကြောက်ရွံ့နေမှာ မဟုတ်သလို CDM လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

"လက်ရှိ ဝန်ထမ်းတွေက CDM ကို အောင်မြင်တဲ့အထိ အဆုံးအထိ  လုပ်ဆောင်သွားမယ်။ အလုပ်ထုတ် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတဲ့အထိဖြစ်လာခဲ့ရင်လည်း အဆုံးထိ တိုက်ပွဲဝင်သွားမယ် " လို့ CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက  ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအရတိမ်းရှောင်နေရသလို စားသောက်ရေးအတွက် ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

သိန်းနီမြို့နယ် ပြည်သူ့ ဆေးရုံကြီးက CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ၃၄ ဦးရှိပြီး မိမိတို့လုံခြုံရေးအပြင် ၊ မိသားစုလုံခြုံရေးနဲ့ ဝန်ထမ်းအိမ်ရာမှာ ကျန်ရစ်ခဲ့တဲ့ ကိုယ်ပိုင် ပစ္စည်းတွေအတွက်လည်း  စိုးရိမ်နေ​ကြရပါတယ်။

8 months Ago
Up