close

သိမ်ဇရပ်မြို့

close

May 24, 2022

သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ်နှင့် မြို့မရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခလရ(၂၀၇)တပ်နဲ့ မြို့မရဲစခန်းကို မေလ ၂၄ ရက် မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်နဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီ ခလရ(၂၀၇)တပ်ရဲ့ ဗဟိုကင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သာ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

သိမ်ဇရပ်မြို့မရဲစခန်း တိုက်ခိုက်မှုမှာတော့ ထိခိုက်မှု ရှိ၊ မရှိ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်းနဲ့ ထပ်မံတိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမဲ့ မိသားစုတွေကို ငဲ့ညှာတဲ့အားဖြင့် သတိပေးတဲ့အနေနဲ့သာ ပြုလုပ်ခဲ့တယ်လို့ KRF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစုကို အချိန်မီ ဆက်သွယ်ပေးဖို့နဲ့ နောက်ထပ် တစ်ကြိမ် အခွင့်အရေးမျှ ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

5 months Ago

October 16, 2021

သိမ်ဇရပ်မြို့က စစ်ကောင်စီ သတင်းပေး ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ကြီးတဲ့ ကိုရဲဝင်းဟာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ကိုရဲဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနောက်စေ့ကျည်ထိဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ သတင်းပေးဖြစ်သူ ကိုရဲဝင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစုရဲ့ သိမ်ဇရပ် Local PDF က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဆိုပါတယ်။

သိမ်ဇရပ်မြို့မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ သတင်းပေး ၇ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။

1 year Ago
Up