မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်ကောင်စီ ရဲစခန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီး ၄၀ မမ ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်က ဦးကျော်တင့် နေအိမ်အပေါ် ကျရောက် ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်တင့်ရဲ့ အသက် ၈ နှစ်အရွယ် သားဖြစ်သူ မောင်မြင့်မြတ်နဲ့ ညီအစ်ကိုတဝမ်းကွဲ တော်စပ်သူ အသက် ၈ နှစ်အရွယ် မောင်သန့်ဇင်တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာပါ။
လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့ ကလေးငယ် ၂ ဦးဟာ သိမ်ဇရပ်ဆေးရုံမှာ တက်ရောက်ကုသနေပေမယ့် မောင်သန့်ဇင်ကတော့ စိုးရိမ်ဒဏ်ရာကြောင့် ပဲခူးမြို့ဆေးရုံကို ပြောင်းရွှေ့ကုသနေရတယ်လို့ KNU က ဆိုပါတယ်။
“ဒီလို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာက သူတို့ လုပ်နေကျ အလုပ်တွေပဲ၊ အရပ်သားတွေကို တမင်ခြိမ်းခြောက်ပြီး လုပ်နေတာ၊ ဒီအပေါ်မှာ မှတ်ချက်မပေးလိုတော့ဘူး”လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က DVB ကို ပြောပါတယ်။
စစ်ကောင်စီ သိမ်ဇရပ် ရဲစခန်းနဲ့ သိမ်ဇရပ်အမြောက်တပ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်တယောက်နဲ့ တပ်ဖွဲ့ဝင်သုံးယောက်ဟာ အချုပ်သားကို တရားရုံးသို့ပို့ဆောင်စဉ် ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုရဲအုပ်အပါအဝင်နှစ်ယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သိမ်ဇရပ်ရဲစခန်းက အချုပ်သားတယောက်ကို သထုံခရိုင်တရားရုံးသို့ပို့ဆောင်စဥ် လက်ပံပင်သင်္ချိုင်းကုန်းအကွေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဗုံးနဲ့ရော သေနတ်တွေရော ပစ်တယ်ပြောတယ် ရဲနှစ်ဦး သေတယ်။ တစ်ဦး ဒဏ်ရာရတယ်"လို့ ပြောပါတယ်။
သထုံခရိုင်တရားရုံးကို အချုပ်သား သွားရောက်ပို့ဆောင်တဲ့ ဒုရဲအုပ်ပါလေးယောက် ပစ်ခတ်ခံရတာ မှန်ကန်ပြီး ဒုရဲအုပ်တယောက်၊ ရဲတပ်ကြပ်ကြီးတယောက် သေဆုံးပြီး ရဲတပ်သားတယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အချုပ်သားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးငယ်တွေနဲ့ ပစ်တာ နှစ်ဦးသေတယ်။ တစ်ဦး ဒဏ်ရာရတယ် အချုပ်သားလည်း ထိတယ် ပိုဆိုးတာက ရဲတစ်ယောက်ပါ ပျောက်နေတာ လိုက်ရှာနေတုန်း။”
လတ်တလောမှာ သေဆုံးသူနဲ့ဒဏ်ရာရှိသူတွေကို ကျိုက်ထိုဆေးရုံကြီးသို့ ပို့ဆောင်ပြီး ပျောက်ဆုံးနေတဲ့ ရဲတပ်သားကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။