close

သိမ်းဆည်းရမိ

close

December 19, 2022

ဟိုပုံးမြို့နယ်၌ သေနတ်အလက် ၅၀၀ ခန့် သိမ်းဆည်းရမိဟု စစ်ကောင်စီထုတ်ပြန် 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ PDF တပ်ဖွဲ့တွေ လျှို့ဝှက်သယ်ဆောင်လာတဲ့ Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဆော်တောကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက်မနက် ၉ နာရီလောက်မှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာတဲ့ ဒိုင်နာ ၆ ဘီးကား ၁ စီးကို  မသင်္ကာဖွယ် တွေ့ရှိလို့ ရပ်တန့်စေခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ကားရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ရပြီး မော်တော်ယာဉ်မှာ ရပ်တန့်သွားပေမဲ့ ကားပေါ်ပါလာသူတွေ ထွက်ပြေးလွတ်မြောက်သွားကာ အဆိုပါကားပေါ်မှာ  လျှို့ဝှက်သယ်ဆောင်လာတဲ့  လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။

ဒေသခံတိုင်းရင်းသားပြည်သူများတွေရဲ့ လျှို့ဝှက်သတင်းပေးပို့ချက်အရ အခုလို လက်နက်တွေဖမ်းမိတာလို့ စစ်ကောင်စီကဆိုပါတယ်။ ဒါပေမဲ့ သေနတ်သယ်ဆောင်လာသူတွေကိုတော့ တစ်ယောက်မှဖမ်မိခြင်းမရှိဘဲ PDF တွေရဲ့လက်နက်ဖြစ်တယ်ဆိုတာ ဘယ်လိုသိရှိခဲ့ရတယ်ဆိုတာကိုတော့ စစ်ကောင်စီက ပြောမထားပါဘူး။

အဆိုပါလက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး PDF တွေဘက်လည်း အတည်ပြု နိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော်စစ်ကြောင်းတွေက လေကြောင်းချီစစ်ဆင်တိုက်ခိုက်ရာမှာ PDF အလောင်းတွေနဲ့ လက်နက်၊ ခဲယမ်းတွေ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့  စစ်ကောင်စီ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်သလို တအောင်းတပ်မတော်ရဲ့ လက်နက်တွေနဲ့ NUG-PDF လက်နက်ပစ္စည်းတွေ သိမ်းဆည်းခံရတာနဲ့ ဆုံးရှုံးပျက်စီးတာတွေ မရှိဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဒီဇင်ဘာ ၁၈ ရက်က ပြန်လည်တုံ့ပြန် ကြေညာထားပါတယ်။

Photo-DSINFO

8 mins Ago

August 16, 2022

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အေအေထုတ်ပြန်

ရခိုင်ပြည်နယ် ၃ နေရာနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ  စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ)တို့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့  အေအေက  ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းတစ်ခုနဲ့ အေအေတို့ မနက် ၇ နာရီခွဲကျော်လောက်ကနေ မနက် ၉ နာရီခွဲလောက်အထိ နှစ်နာရီလောက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃၁ ယောက်သေဆုံးပြီး အေအေဘက်ကလည်း ထိခိုက်သေဆုံးဒဏ်ရာရရှိသူတချို့ ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ရန်သူရဲ့ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းတွေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီးမှာလည်း သြဂုတ် ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ် ခလရ (၂၇၀) နဲ့ အေအေတို့  တစ်နာရီခွဲကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရန်သူ ၆ ယောက်ကျဆုံးပြီး လက်နက်ငယ် ၄ လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့ ဆေးဝါးရိက္ခာတွေ ထပ်မံသိမ်းဆည်း ရမိခဲ့ခဲ့တယ်လို့ အေအေထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးမှာလည်း သြဂုတ် ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က  စစ်ကောင်စီတပ် ခမရ (၃၅၂) တပ်ရင်းကလာတိုက်လို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ကြီး၊ လက်နက်ငယ်တချို့၊ ပစ္စတို နှစ်လက်၊ MG 43 စက်သေနတ် တလက် ၊ ဒရုန်း ၂ စီး၊ Jammer ၁ ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း ၁ လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားအပါအဝင်  ခြင်းကျားအလုံး ၃၀ ကျော်ကိုသိမ်းဆည်းရမိခဲ့ပါတယ်။

အလားတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း သြဂုတ် ၁၃ ရက်က သဌေးကုန်းကျေးရွာမြောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ အထိအခိုက်၊ အကျအဆုံးကို တော့ မသိရသေးပါဘူး။

သြဂုတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းတာတွေကို  ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးတွေနဲ့ ရခိုင်ဒေသအနှံ့ ရွှေ့ပြောင်းနေတာကြောင့်  တိုက်ပွဲတွေ အခုထက်ပိုမို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ကြေညာထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်ကားလမ်းတလျှောက်မှာတော့ သြဂုတ် ၁၄ ရက် မနက်ကစပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရပြီး အဝေးပြေးလိုင်းကားတွေလည်း ရပ်နားထားရပါတယ်။

4 months Ago
Up