close

သိုးဖြူ

close

February 10, 2022

ဂျက်မ

တိုက်လေယာဉ်က ပစ်လိုက်သော ကျည်များ၊ ဗုံးများက သူတို့နားတွင် တဖွဲဖွဲကျလာနေသည်။ ရှေ့နားတကမ်းတွင် ရန်သူ စစ်တပ်၏ ကင်းစခန်းရှိသည်။ စစ်သား ၃၀ ကျော်ရှိသည့် ထိုကင်းစခန်းအား သူတို့ သိမ်းနိုင်လုလုတွင် နောက်ကိုပြန်ဆုတ်ကြရန် ခေါင်းဆောင်စစ်မှူးက အမိန့်ပေးလာသည်။ ကင်းစခန်းတွင် သေနတ်ပစ်နိုင်သူ နှစ်ယောက်ခန့်သာရှိတော့သည့်အချိန်တွင် စစ်ကူတိုက်လေယာဉ်များ ရောက်လာခြင်း ဖြစ်သည်။ သူတို့အားလုံး အောင်အောင်မြင်မြင်ဆုတ်ခွာလာနိုင်ခဲ့ကြသည်။

“ညီမက ကျည်မဖြုန်းဘူး။ ရှေ့တန်းမှာ ခွေးတွေကို သေချာမတွေ့ဘဲ ကျည်ကို ပေးမထွက်ဘူး။ ပြီး‌တော့ တယောက်ကို နှစ်တောင့်လောက်ပဲ ပစ်တယ်။ အဲဒီနေ့ပွဲမှာလည်း ထိတာကတော့ သေချာတယ်” ဟု ၃ နာရီခန့်ကြာမြင့်သည့် ဘုရားတောင်ကင်းစခန်း တိုက်ပွဲအကြောင်းကို ဂျက်မက အားရပါးရ ပြန်ပြောပြသည်။

ဂျက်မ။

အိမ်နာမည်မဟုတ်သလို မကြာသေးခင်ကမှ ရခဲ့သည့်နာမည်ဖြစ်သော်လည်း သူ့အတွက်တော့ အင်မတန်ယဉ်ပါးသည့် နာမည်ဖြစ်သည်။ ဒီနေရာ ဒီကာလတွင် သူ့နာမည်ရင်းကို ခေါ်သံကြားလျှင် တချက်တွန့်ဆုတ်မိတတ်သည်ဟု သူက ပြောသည်။

သူ့အသက်က ၁၈ နှစ်သာရှိသေးသည်။ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်က တဦးတည်းသော ရှေ့တန်းထွက်သည့် မိန်းကလေးရဲဘော်လည်းဖြစ်သည်။ တိုက်ပွဲတော်တော်များများတွင် ယောကျ်ားလေးရဲဘော်များနှင့် ရင်ဘောင်တန်းပါဝင်ခဲ့သလို ရှေ့တန်းထွက်ခွင့်ရဖို့အတွက်လည်း အထက်လူကြီးများကို နားပူနားဆာလုပ်တတ်သူဖြစ်သည်။ စစ်တပ်က အာဏာမသိမ်းခင်အထိတော့ သူသည် စစ်ဗိုလ်ဖြစ်ချင်သူ၊ ရဲမေဖြစ်ချင်သူတယောက်ဖြစ်ခဲ့သည်။

အာဏာသိမ်းသည့်ရက်က သူကရန်ကုန်မှာ ရှိနေခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်ပြီး အဝေးသင်တက်ရန် ပြင်ဆင်နေဆဲကာလ သင်တန်းများတက်ရင်း မိသားစုနှင့်ခွဲကာ ရန်ကုန်မှာနေခဲ့သည်။

“ပထမရက်ကတော့ ဘာမှမသိသာခဲ့ဘူး။ နောက် အင်တာနက်တွေပိတ်လာတာကြုံလာရတယ်။ အာဏာသိမ်းတယ်ဆိုတာ ဒီလိုပါလားဆိုတာ သိလာတယ်။ မိဘတွေတောင် အဲဒီလောက် မချုပ်ခြယ် ခဲ့ဘူး။ အခုက ရေကူးကန်ထဲက ဝေလငါးတကောင်လိုပဲခံစားမိတယ်” ဟု မောင်နှမ ၈ ယောက်တွင် အငယ်ဆုံးဖြစ်သူ ဂျက်မက ပြောသည်။ 

ကယန်းလူမျိုးဂျက်မက အပြောအဆိုပွင့်လင်းသည်။ အငယ်ဆုံးလည်းဖြစ်သည့်အပေါ် ဂျစ်ကန်ကန်နှင့်လည်း ဆိုးနွဲ့တတ်သည်။ တတိုင်းပြည်လုံးကို အာဏာသိမ်း ချုပ်ခြယ်လိုက်ခြင်း ဖြစ်သော်လည်း သူ့အတွက်တော့ သီးသန့်ခံစားချက်များနှင့် ပို၍ ခံပြင်းသည်။

“ငယ်ငယ်က အိပ်မက်က စစ်ဗိုလ်ဖြစ်ချင်တာ။ စစ်ဗိုလ်မဖြစ်ရရင်လည်း ရဲဖြစ်ချင်တာ။ အဲဒီလို အာဏာသိမ်းလိုက်တော့ ကိုယ်ဖြစ်ချင်တဲ့ အဖွဲ့အစည်းက လူတွေအပေါ် ဒီလိုတွေ ဆက်ဆံလာတာ တွေ့တော့ ဘယ်လိုမှ ခံစားလို့မရဘူး။ ဒါကြောင့် ရန်ကုန်မှာရှိနေတုန်း သပိတ်တွေမှာ နေ့တိုင်း လိုက်ဖြစ်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြသူများအား စစ်တပ်က ပစ်သတ် နှိမ်နင်းလာပြီးနောက် သူ့ကို ဖယ်ခုံသို့ပြန်လာရန် မိဘများက ပြန်ခေါ်သည်။ သူ့မြို့တွင်လည်း သပိတ်ရှိသည့်နေ့တိုင်း သူက လိုက်ပါဆန္ဒပြသည်။ 

“အဖေ့ရဲ့ သံတို သံစတွေနဲ့ ဒိုင်းတခုလုပ်တယ်။ ကိုယ်ပိုင်ဒိုင်းရတော့ သပိတ်ကိုယူသွားတယ်။ ရှေ့မှာနေတယ်။ သပိတ်မှာ အစ်ကိုကလည်း ပါနေတော့ ညီမကို နောက်ကို ဆွဲပို့တယ်။ ဒါပေမဲ့ သူလစ်ရင်တော့ ရှေ့ကိုပြန်သွားတာပဲ” ဟု သူ၏ တဇွတ်ထိုးခေါင်းမာသည့်စိတ်တချို့ကို ထုတ်ပြောပြသည်။

ဖယ်ခုံမြို့က ဆန္ဒပြသူကို စစ်တပ်က ဖမ်းဆီးသွားသည့်နေ့ကလည်း ဂျက်မတို့က လမ်းတွေကို ပိတ်ဆို့ခဲ့ကြသေးသည်။ ဆန္ဒပြရာတွင်ပါဝင်သည့် မိန်းကလေးများကိုသာ ဖမ်းဆီးပြီး ကားဖြင့်တင်ခေါ်သွားရာ နယ်မြို့တမြို့အတွက်တော့ တော်တော်ပွဲဆူခဲ့ရသည့်နေ့ဖြစ်သည်။

“လမ်းတွေကို ရသမျှပစ္စည်းတွေနဲ့ ပိတ်ထားတာ။ ကိုယ့်လမ်းကတော့ အဖြတ်မခံဘူးလို့ ဆုံးဖြတ်ထားတယ်။ တခြားလမ်းတွေမှာလည်း အဲဒီလိုပဲ ပိတ်ထား ဆို့ထားကြတာ။ နောက်တော့ သူတို့က ပြန်လွှတ်ပေးလိုက်တယ်” ဟု ဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းခဲ့ပြီးနောက်တွင်တော့ လက်နက်ကိုင် စစ်တပ်အား လက်နက်များဖြင့် ပြန်လည်တိုက်ခိုက်လာကြတော့သည်။ ဖယ်ခုံမြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လာသည့်အချိန်တွင် အစောပိုင်းကပင် တိမ်းရှောင်နေခဲ့ရသည့် ဂျက်မ၏ အမက သူတို့ကို စစ်ဘေးရှောင်ဖို့ တောတွင်းသို့ခေါ်သည်။

“ကိုယ့်ထက်ငယ်တဲ့သူတွေက သေနေရတဲ့အချိန်မှာ ကိုယ်က အခုလို တိမ်းရှောင်ရတာကို မတရားဘူးလို့ ခံစားရတယ်။ ဒါနဲ့ပဲ PDF ထဲကို ဝင်ဖြစ်သွားတာ။ အမေ့ကိုတော့ မပြောခဲ့ဘူး။ ခွင့်မပြုဘူးဆိုတာ သေချာတယ်လေ။ အစ်မကိုတော့ ပြောပြတယ်။ သူကလည်း အစပိုင်းတော့ ခွင့်မပြုဘူး။ ဒါပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်ကို ပြောပြတယ်။ ပူဆာတယ်။ နောက်တော့ ခွင့်ပြုလိုက်တယ်” ဟု လက်နက်ကိုင်လမ်းစဉ်ပေါ် စတင်လျှောက်ခဲ့ပုံကို ပြောပြသည်။

လိပ်ပြာလုံပါစေဟု ပြောလေ့ရှိသည့် ဂျက်မသည် သူကိုယ်တိုင်လည်း လိပ်ပြာလုံစွာဖြင့် ကျဆုံးခဲ့သူတို့ကိုယ်စား ပြန်လည်တော်လှန်သူတယောက်ဖြစ်လာသည်။ ခေါင်းမာသူ၊ ပူဆာတတ်သူ တယောက်ဖြစ်သည့်ဂျက်မအတွက်တော့ ရောက်လေရာမှာ သူ့ဉာဉ်အတိုင်းပင်ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်တွင် သူသာ ရှေ့တန်းထွက်သူ မိန်းကလေးဖြစ်သည်။ ထိုအခြေအနေကိုလည်း သူက အထက်လူကြီးများကို နားပူနားဆာလုပ်ရင်း ရအောင်တောင်းထား ခဲ့ခြင်းဖြစ်သည်။

“ပထမဆုံးပြောရရင် ဂျက်မက ငယ်ပေမဲ့ သတ္တိရှိတယ်။ တိုက်ပွဲတွေမှာ မိန်းကလေးပေမဲ့ ကြောက်ပြီး နောက်တန်းမှာပဲနေမယ် ဆိုတာလုံးဝမရှိဘူး။ ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး စစ်ခွေးတွေကို ကိုယ်တိုင် လက်နက်ကိုင် တိုက်ချင်နေတယ်။ တိုက်လည်းတိုက်နေတယ်။ ပြီးတော့ သူမက မိန်းကလေးမို့ ဦးစားပေးနေရာပေးတာလည်း သူ မလိုချင်ဘူး။ ယောင်္ကျား မိန်းကလေး တန်းတူပဲ တော်လှန်ရေး ရဲဘော် အားလုံး တန်တူပဲဆိုတဲ့ စိတ်ဓာတ် ရှိတယ်” ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်က ရဲမေတယောက် ပြောသည်။

ရှေ့တန်းထွက်ရန် ကိုယ်တိုင်တောင်းဆိုခဲ့သလို သူ့ကြောင့်လည်း ရှေ့တန်းထွက်ချိန်တွင် အခြားသူများ အနှောင့်အယှက်ဖြစ် နှောင့်နှေးခြင်းမရှိခဲ့ဟုလည်း သူက ပြောပြသည်။

မိန်းကလေးဖြစ်သော်လည်း ဂျက်မက အထူးကွန်မန်ဒိုသင်တန်းတက်ခွင့်ရသူတယောက်ဖြစ်ခဲ့သည်။ ထို့ပြင် သေနတ်ပစ်ရာတွင်လည်း ယောင်္ကျားလေးများကို ကျော်ဖြတ်ပြီး ပထမရထားသူလည်း ဖြစ်သည်။

အခြေခံသင်တန်းပြီးဆုံးသွားသူများထဲက အထူးကွန်မန်ဒိုသင်တန်းတက်ရန် အယောက် ၃၀ ကိုသာ ရွေးချယ်ရာ ဂျက်မတယောက်သာ မိန်းကလေးဖြစ်သည်။

“အဲဒီမှာ ဂျက်မ ဆိုတဲ့နာမည်ကိုရလာတာ။ သင်တန်းမှာကလည်း မိန်းကလေးက ကိုယ်တယောက်တည်းဆိုတော့ တခုခုဆို မိန်းကလေးကြောင့် မလုပ်နိုင် မဖြစ်နိုင်တာမျိုး အပြောမခံရအောင်ကြိုးစားခဲ့တယ်။ မိန်းကလေးဆိုပြီး လျှော့လုပ်ရတာမျိုးလည်း မရှိဘူးလေ။ ဒါကြောင့် တန်းတူလုပ်နိုင်အောင် ကြိုးစားတယ်။ တချို့အလုပ်မျိုးတွေကိုတော့ ယောင်္ကျားလေးတွေနဲ့ မီအောင်လုပ်ရတာ ခက်ခဲတယ်လို့ထင်တယ်။ ဒါပေမဲ့ စနစ်ကျတာမှာတော့ သူတို့ထက်ပိုတယ်လို့ ထင်တယ်” ဟု သူ့အတွေ့အကြုံကို ဂျက်မက ပြောပြသည်။

အိုးအိမ်ကို စွန့်ခွာပြီး တောတွင်းနေထိုင်ကြရသဖြင့် အခက်ကတော့ အမျိုးမျိုးကြုံကြရသည်။ သို့သော် သူတို့ တော်လှန်ရေးရဲဘော်များကတော့ အခက်အခဲ ဒုက္ခများကို ရယ်ရယ်မောမောပင် ကျော်ဖြတ်ကြသည်။ နေ့စဉ်ကြုံရသည့်အခက်အခဲက အိမ်သာတက်ခြင်းဖြစ်သည်ဟု သူက ဟာသအဖြစ် ပြောသည်။

“လူကများတော့ အိမ်သာမှာ စောင့်ရတာရှိတယ်လေ။ ပီတီ(ကာယ)ချိန်နီးနေတုန်း အိမ်သာထဲမှာ လူရှိနေရင် စောင်းမြောင်းပြီး သီချင်းတွေဆိုကြတာ။ အိမ်သာစောင့်ရလို့ဆိုပြီး ပီတီမှာ နောက်ကျလို့လည်း မရဘူးလေ။ ကိုယ်က အထဲရောက်နေရင်လည်း အဲလို ကြုံရတာပဲ။ ဒါပေမဲ့ မြန်မြန်ပဲ ဖြတ်ရတယ်” ဟု ပြောသည်။

ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စစ်အာဏာရှင်ကို တော်လှန်နေသူဂျက်မတွင် ကိုယ်ပိုင် သေနတ် ၂ လက်လည်း ရှိသည်။ တကယ်တော့ အာဏာရှင်တော်လှန်စိတ်ကိုသာ အရင်းတည်ပြီး တည်ထောင် လာခဲ့ကြသော ပြည်သူ့ကာကွယ်ရေးတပ်များတွင် သေနတ်ဆိုသည်က ရှားပါးပစ္စည်း ဖြစ်သည်။ အစောပိုင်းကာလများက တပ်ဖွဲ့ဝင်တိုင်း လုပ်သေနတ်ကိုပင် စုံစေ့အောင်မကိုင်နိုင်ခဲ့ကြ။ သို့သော် ဂျက်မကတော့ ကိုယ်ပိုင် ပွိုင့်တူးတူးသေနတ်ဖြင့် တိုက်ပွဲဝင်သည်။ ထိုသေနတ်ကိုတော့ သူ့အမက ဝယ်ပေးထားခြင်းဖြစ်သည်။

“သေနတ်အစစ်ဆိုပေမဲ့ အဝေးကို သိပ်မပြေးဘူးလေ။ တချို့တိုက်ပွဲတွေမှာဆို သေနတ်ကိုဖက်ပြီး ထိုင်နေခဲ့ရတာမျိုးရှိတယ်။ ကျည်ဆန်ကို တပ်ဖွဲ့က အလုံအလောက်ပေးပေမဲ့ မဖြုန်းဘူး။ မထိရောက်နိုင်တဲ့ အကွာအဝေးကိုဆိုရင် မပစ်တော့ဘူး။ ဒါကြောင့် သေနတ်ကောင်းကောင်း တလက် ဝယ်ပေးဖို့ အိမ်မှာတောင်းတယ်။ အစကတော့ မဝယ်ပေးဘူးပေါ့။ ဈေးကြီးတာကိုး။ ဒါပေမဲ့ တော်ကီတွေ ပစ်လိုက်တာပေါ့။ ခဏ ခဏ ပူဆာတော့ တလလောက်နေတော့ M4 တလက် ဝယ်ပေးတယ်” ဟု လက်ရှိ တိုက်ပွဲဝင်လက်နက်ရလာပုံကို သူက ရှင်းပြသည်။ 

ဂျက်မ၏ အစ်ကိုနှင့် အစ်မဖြစ်သူတို့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပင်ဖြစ်သည်။ သို့သော် အကြွားဆုံးကတော့ ဂျက်မပင်ဖြစ်မည်။ မိန်းကလေး ၁၀၀ ကျော်ရှိသည့် တပ်ဖွဲ့တွင် ရှေ့တန်းထွက်သည့် တယောက်တည်းသော မိန်းကလေး ဖြစ်နေခြင်းပင်။ ရှေ့တန်းတိုက်ပွဲများတွင် ပါဝင်ရင်း သူ့စွမ်းဆောင်ရည်များကို တပ်ဖွဲ့ကလည်း အသိအမှတ်ပြုသည်။

ဂျက်မသည် စစ်ရေးနည်းဗျူဟာ စနစ်ကျပြီး အမိန့်နာခံမှုအားကောင်းသည့်အပြင် စီမံခန့်ခွဲမှုလည်း ကောင်းသူဟု သူ့တပ်ဖွဲ့က ထုတ်ပြန်မှုတခုတွင်ဆိုသည်။ စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက် အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့သည့် ကုန်းဆုံဘုရားတောင်တိုက်ပွဲအကြောင်းတွင် ဖော်ပြခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်သားတယောက် ပြင်းထန်ဒဏ်ရာရပြီး တိုက်ပွဲအတွက် တာဝန်ယူရန် ဗျူဟာများကို ရဲဘော်အားလုံးက ကိုယ်တိုင်ရေးဆွဲကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လူငယ်ပညာတတ်အများအပြားပါဝင်တိုက်ခိုက်နေသည့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူတို့ လူငယ်များ၏ စိတ်ကူးစိတ်သန်း လုပ်ရည်ကိုင်ရည်များကိုလည်း ဂုဏ်ပြုထားသည်။

“ဘာကြောင့်တော်လှန်ရေးလုပ်နေလဲဆိုတော့ သပိတ်တုန်းကတော့ ကြားဖူးမှာပေါ့။ ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့မှာအနာဂတ်ရှိတယ် ဆိုပြီး ဟစ်ကြွေးကြတဲ့ လူငယ်တွေ၊ ကလေးတွေ၊ လူကြီးတွေ သေပေးနေရတာကို ကိုယ်ကလိပ်ပြာမလုံလို့၊ ဒီစနစ်ကြီးကိုရွံလို့ တော်လှန်ရေးကို လုပ်နေတာပါ” ဟု ဂျက်မက ပြောသည်။

တော်လှန်ရေးပြီးပါက စစ်မှန်သည့်လွတ်လပ်မှုနှင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံနိုင်သည့် ပတ်ဝန်းကျင်ကောင်းကိုလိုချင်ကြောင်းလည်း သူကပြောသည်။

ထို့ပြင် “ကိုယ်က ပြည်သူ့ရဲတယောက် ဖြစ်ချင်တယ်လို့ ပြောလိုက်ရင် မိသားစုက ဂုဏ်ယူအားပေးနိုင်တဲ့ စနစ်သစ်ကြီးကိုလိုချင်ပါတယ်” ဟု သူ မဖြစ်ခဲ့ရသည့်ဘဝကို တမ်းတရင်း သူက ဆိုသည်။

သားသမီး ၃ ယောက်လုံး လက်နက်ကိုင်စစ်တပ်ကိုတော်လှန်နေပြီး အငယ်ဆုံးသမီးလည်း ရှေ့တန်းထွက်နေရာ ဖခင်ဖြစ်သူကတော့ အကောင်းဆုံးဖြစ်အောင်လုပ်ပါ ဟု အားပေးဆုံးမကြောင်း ဂျက်မက ပြောသည်။

ဖယ်ခုံတပ်ရင်းတွင် လက်နက်ခဲယမ်းချို့တဲ့ပြီး လက်နက်ကိုင်နိုင်သူ အများစုမှာလည်း ကိုယ်ပိုင်ငွေဖြင့်သာ ဝယ်ထားကြခြင်းဖြစ်သည်။ 

“လက်နက်ကိုင်ဖို့ အသင့်ရှိနေတဲ့ မိန်းကလေးတွေ အများကြီးပဲ ရှိနေတယ်။ လက်နက်မရသေးလို့ပေါ့။ ရှေ့တန်းထွက်ပေမဲ့ နောက်တန်းကို ရောက်တဲ့အချိန် ကျတဲ့တာဝန်တွေကို လုပ်ရတယ်။ ထမင်းချက်တာတို့ ဘာတို့တော့ ညီမ အခု မီးနည်းနည်းမွှေးတတ်လာပြီ။ ဘာနဲ့ဘာ အစပ်အဟပ် တည့်တယ်လို့တော့ သေချာမသိဘူး။ ရှိတာတွေနဲ့ ချက်ပေးတာပဲ။ ဒါပေမဲ့ ဆားကိုတော့ မမေ့အောင်ထည့်ပေးတယ်။ ဆားပါရင် အရသာရှိတယ်လေ။ ဒါပေမဲ့ ညီမ ထမင်းချက်ကျတဲ့နေ့ဆိုရင် ထမင်းကျန်တာများတယ်” ဟု သေနတ်ပစ်ရာတွင် ပထမ ရခဲ့သော်လည်း ထမင်းဟင်းချက်တာဝန် ထမ်းဆောင်ရသည့် အတွေ့အကြုံကို သူက ပြောသည်။ 

တပ်ဖွဲ့ဝင်များကိုလည်း သူက အမေချစ် သားသမီးများဟု သူကခေါ်သည်။ အိမ်တွင်နေစဉ်က အိမ်အလုပ်မလုပ်ခဲ့ရသူများအဖြစ် ဆိုလိုခြင်းဖြစ်သည်။ 

လူတွေနှင့်စကားပြောရန်စိတ်ဝင်စားပြီး စိတ်ပညာဘာသာရပ်ကို သင်ယူရန်ကြိုးစားနေသည့် ဂျက်မအတွက် တပ်ဖွဲ့ဝင်များက အကောင်းဆုံးအဖော်ဖြစ်သည်။

“သူက တခြား ရဲဘော်ရဲဘက်တွေကို စိတ်ဓာတ်တက်ကြွအောင် ဆွေးနွေးပြောတတ်တယ်။ ပြီးတော့ ရဲဘော်ရဲ့ ခံစားချက်၊ လိုအပ်ချက်တွေကို ကိုယ်စားအနေနဲ့လည်း ဆိုင်ရာ အထက်လူကြီးတွေကို တင်ပြဆွေးနွေးတတ်တယ်။ ပြောရရင်တော့ သူ့ကို လူချစ်လူခင်ပေါတယ်။ တခုတော့ရှိတယ်။ အားလပ်ချိန်တွေမှာ သူက စကားအရမ်းများတတ်တယ်။ မေးခွန်းများတယ်” ဟု ရဲဘော်တယောက်က ပြောပြရင်းသည်။

ဂျက်မကို တော်လှန်လိုစိတ်ပြင်းထန်သူဟုလည်း သူ့ရဲဘော်တယောက်က ချီးကျူးသည်။ တော်လှန်ရေးကာလတွင် တတ်နိုင်သည့် အစိတ်အပိုင်း သေးသေးတခုအဖြစ်ပါဝင်နေပြီး တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်တတ်သူဟုလည်း ဆိုသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့်မှာ တနှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီးနောက်တွင်တော့ လက်နက်ကိုင်စစ်တပ်ကို လက်နက်ဖြင့်သာ တနိုင်ငံလုံးက တော်လှန်တိုက်ခိုက်လာခဲ့ကြပြီလည်း ဖြစ်သည်။

အာဏာမက်သူ တယောက် တစုတဖွဲ့ကြောင့် လူငယ်များစွာ အနာဂတ်ပျောက်ခဲ့ကြရသည်။ လူငယ်များစွာ အသက်ဆုံးရှုံးခဲ့ကြရသည်။ ယခုတော့ လူငယ်များစွာသည် သူတို့အနာဂတ်များကို ပြန်လည်ရယူရန် အားသွန်ခွန်စိုက်ကြိုးစားနေကြပြီဖြစ်သည်။

အိမ်တွင် အငယ်ဆုံးဖြစ်ပြီး လိုချင်သမျှပူဆာနိုင်ခဲ့သောဂျက်မသည်လည်း သူ့အနာဂတ်နှင့် လွတ်လပ်မှုကို ပူဆာတောင်းဆို၍မရနိုင်သည်ကို သိပြီးနောက် တော်လှန်သောရဲဘော်တယောက်အဖြစ် ရှေ့တန်းထွက်ရန်ကိုသာ ပူဆာနေတော့သည်။

သိုးဖြူ 

3 mins Ago

November 19, 2020

ဒုတိယမ္ပိ နောက်ဆုံးမဲ

ပါတီတံဆိပ်ပါ အင်္ကျီအနီရဲရဲဝတ်ထားသူအချို့ စုစုရုံးရုံးလှုပ်ရှားနေသည်။ အချို့က ထမင်းစားနေပြီး အချို့က စားသောက်သူများအတွက် ပြင်ဆင်လုပ်ကိုင်ပေးနေသည်။ အချိန်ကား  ရွေးကောက်ပွဲပြီးကာစ အခြားဒေသများလို အောင်ပွဲခံ ကျွေးမွေးပွဲတခုဖြစ်နိုင်သည်။ သို့သော် မတူသည်က အသံချဲ့စက်နှင့် သီချင်းများ ဖွင့်ထားခြင်းမရှိ။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ်၊ မျက်နှာများတွင် အပြုံးသိပ်မရှိကြ။ သူတို့ထဲမှ အချို့က ဒီရွာကမဟုတ်သလို အချင်းချင်း သေသေချာချာ မသိကျွမ်းကြသူများ။ လှေကား ၄ ထစ်သာရှိသည့် အိမ်ကလေးအပေါ်တွင် လူတစ်ယောက်မှ မရှိ။ အိမ်ဘေးအရိပ်ရသည့်နေရာနှင့် ယာယီမိုးထားသည့် ကန်စအောက်မှ ဖျာခင်းပေါ်တွင်သာ ထမင်းစားသူ၊ စားပြီး၍ ရေနွေးကြမ်းသောက်သူတို့ ရှိနေသည်။ အဆိုပါအိမ်ကလေးရှိရာအရပ် မင်းကင်းမြို့နယ်ဟာ အန်အယ်လ်ဒီထောက်ခံသူများအတွက် အခုရွေးကောက်ပွဲက ပျော်စရာပင်ဖြစ်မည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်ရှုံးခဲ့သည့်နေရာများကို မဲ‌ထောင်သောင်းကျော်အသာဖြင့် ပြန်အနိုင်ရ သွား၍ဖြစ်သည်။ ထိုအထဲတွင် မင်းကင်းမြို့နယ်ထဲက ကျောက်အိုးဆိုသည့်ရွာလေးတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၃ နေရာလုံး အရှုံးကို ယခုတော့ ၃ နေရာလုံး အနိုင်ပြန်ရလိုက်သည်။  “ပြည်သူရော၊ အမျိုးသားရော၊ တိုင်းမှာရော မဲ ၁၀၀ ကျော်နဲ့နိုင်တယ်။ ၂၀၁၅ တုန်းကတော့ ၁၀၀ ကျော်နဲ့ ရှုံးခဲ့တာ” ဟု အန်အယ်လ်ဒီပါတီ၏   မဲရုံကိုယ်စားလှယ် ကိုမြတ်ဌေးက ပြောသည်။ အန်အယ်လ်ဒီပါတီ အနိုင်ရစေသည့်မဲများထဲတွင် စောစောက လူအများကို စုရုံးဖို့ အကြောင်းဖြစ်လာစေခဲ့သူ ကျောက်အိုးရွာသူ  မဝေဝေလင်း၏ ဆန္ဒမဲများလည်းပါနေသည်။ စောစောက လူစုရှိနေသည့်ဘေးကအိမ် သက်ငယ်အမိုးတန်းနှင့် ထရံကျဲကျဲနံရံကြား လပ်နေသည့်နေရာတွင် ဓာတ်ပုံအချို့ချိတ်ထားသည်။ ထိုအထဲကမှ မိသားစုအားလုံးနီးပါး ပါသည့်ဓာတ်ပုံ ၂ ပုံတွင် မဝေဝေလင်းကို တွေ့နိုင်သည်။ သို့သော် အခု သူ မရှိတော့ပြီ ။ သူမဲပေးခဲ့သည့် အန်အယ်လ်ဒီပါတီ နိုင်သွားသည်ကို သူ မသိနိုင်တော့။ မဝေဝေလင်းတစ်ယောက်  လူ့လောကကနေ အပြီးအပိုင်ထွက်ခွာသွားပေပြီ။  သူ့အသက်က ၂၃ နှစ်။ ငယ်ငယ်ကတည်းက ချူချာခဲ့သော်လည်း သွေးကင်ဆာ ဆိုသည့်အဖြေကို ယခု ကိုဗစ်ကာလမတိုင်ခင်မှ သိခဲ့ရသည်။ “ပတ်ဝန်းကျင်က လူတွေက မန္တလေးဆေးရုံကြီးကို သွားပြဖို့ တိုက်တွန်းကြတာနဲ့ သွားပြဖြစ်တယ်။ သွေးကင်ဆာ ဆိုတာ သိရတယ်။ သမီးကိုတော့ မပြောခဲ့ပါဘူး။ ဆေးရုံက ဆက်နေဖို့ပြောပေမယ့် ငွေမတတ်နိုင်တာရယ်၊ အိမ်မှာ ကလေးတွေပဲ ကျန်ခဲ့တာရယ်ကြောင့် တစ်ရက်ပဲနေပြီး ပြန်လာခဲ့တယ်” ဟု သူ့မိခင် ဒေါ်ခင်မြင့်ဦးက ပြောသည်။ ငယ်စဉ်ကတည်းက မကြာခဏ နေမကောင်းဖြစ်၊ ဗိုက်နာပြီး၊ ကိုယ်လက် ဖောရောင်တတ်သော်လည်း ဘာရောဂါမှန်းသူတို့မသိခဲ့။ မိသားစုက လက်လုပ်လက်စားများဖြစ်သည်မို့ အချိန်တန်လျှင် ကောက်စိုက်၊ လယ်အငှားရိတ်ပြီး ရုန်းကန် နေရသည်။ မဝေဝေလင်းလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျောင်းထွက်ပြီး မိဘများကို လိုက်ကူရသည်။ နေမကောင်းဖြစ်ဖန်များလာပြီး မခံမရပ်နိုင်လာလျှင်တော့ အိမ်မှာငွေရှိလျှင် အိမ်မှငွေဖြင့်၊ မရှိလျှင်တော့ ပတ်ဝန်းကျင်ထံ အလှူခံပြီး မြို့ပေါ် ဆေးခန်းသွားပြရသည်ဟု ဒေါ်ခင်မြင့်ဦးက ပြောသည်။ မန္တလေးဆေးရုံကြီးကို သွားပြဖြစ်သည်က ကိုဗစ်မတိုင်ခင်ကဖြစ်သည်။ ဆေးရုံက ပြန်လာပြီးသည့် နောက်တွင်တော့ တခွေခွေ တမှိုင်မှိုင်ဖြင့် အိပ်ရာထဲတွင်သာ လဲနေတော့သည်ဟု မိခင်ဖြစ်သူက ပြောသည်။ ကိုဗစ်ကာလ အလုပ်အကိုင်လည်းမကောင်း၊ အသွားအလာလည်းခက်သဖြင့် နောက်ထပ်လည်း ဆေးရုံ ဆေးခန်း မသွားဖြစ်တော့ဟု ဆိုသည်။ သွေးကင်ဆာ၏အကြောင်း သူတို့ သေချာနားလည်ပုံလည်းမပေါ်။ သည်လိုနှင့် ၂၀၂၀ ရွေးကောက်ပွဲက နီးလာသည်။ သူတို့မိသားစုဝင်တွေထဲက အသက်ပြည့်ပြီးသူ ၄ ယောက် မဲစာရင်းတွင်ပါသည်။ မဝေဝေလင်း၏ ညီမ မဝေဝေပိုးက ယခုမှ အသက်ပြည့်၍ ပထမဆုံး မဲပေးရမည်ဖြစ်သည်။ ကိုဗစ်ကလည်း မလျော့။ ရွေးကောက်ပွဲကို ကိုဗစ်နှင့်အပြိုင်ကျင်းပရမည်ဖြစ်သဖြင့် ယခင်နှင့်မတူသည့် ပုံစံများ၊ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်သည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်များ ထုတ်ပြန်သည်။ ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးခွင့်ရှိသူများက ယင်းနေ့တွင် တာဝန်ကျမည့်သူများ၊ မဖြစ်မနေ ခရီးသွားရမည့်သူများသာဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်တော့ အသက် ၆၀ နှင့်အထက် သက်ကြီး ရွယ်အိုများ၊ မကျန်းမမာဖြစ်နေသူများကို ကြိုတင်မဲပေးခွင့်ပြုထားသည်။ ကော်မရှင်ရုံးခွဲများသို့ လာနိုင်သူများ ရုံးသို့လာပေးနိုင်ပြီး မလာနိုင်သူများကိုမူ အိမ်တိုင်ရာရောက် မဲပေးနိုင်ရန်လည်း စီစဉ်ထားသည်။ ဤနည်းဖြင့် ရွေးကောက်ပွဲနေ့တွင် လူအများစုရုံးရမည်ကို တတ်နိုင်သမျှ နည်းအောင် စီမံခြင်းဖြစ်သည်။ ကျောက်အိုးရွာထဲတွင်လည်း ကော်မရှင်အဖွဲ့ဝင်များက ကြိုတင်မဲလိုက်လံကောက်ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွာကျောင်းမှာဖွင့်ထားသည့် မဲရုံမှာ မဝေဝေလင်း မဲပေးခဲ့ဖူးသည်။ ယခုတော့ အိပ်ရာထဲ လဲနေသည်မှာ မိဘတွေထူမှ ထရသည့်အခြေအနေဖြစ်လေရာ မဲသွားပေးဖို့က မဖြစ်နိုင်သလောက်ပင်။ သို့နှင့် မိဘများကို ကြိုတင်မဲပေးချင်ကြောင်းပြောသည်။ “(နိုဝင်ဘာ) ၆ ရက်နေ့က လူကြီးတွေကို သွားပြောတယ်။ ၇ ရက်နေ့ နေ့လယ်မှာ မဲလာကောက်တယ်။ လူ ၂၀ အစိတ်လောက်လောက်တော့ရှိမယ်။ ကော်မရှင်လူကြီးတွေနေမှာပေါ့။ အိမ်ပေါ်မှာက ပူတော့ သမီးကို အိမ်အောက်က သစ်ပုံပေါ်မှာခေါ်ထားပေးတယ်။ မဲရုံမှူး ဆရာကြီးကို သမီးက သူပေးချင်တဲ့ ပါတီကို လက်ညိုးထိုးပြတယ်။ ဆရာကြီးက တံဆိပ်တုံးထုပေးတယ်” ဟု မိခင် ဒေါ်ခင်မြင့်ဦးက ပြောသည်။ လူအများရှေ့တွင်မဲပေးရသော်လည်း သမီးဖြစ်သူက သူပေးချင်သည့်ပါတီကို တိတိကျကျပြောပြီး မဲထည့်ခဲ့သည် ဟုလည်း ဆိုသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၈ ရက်။ မနက်စောစောပိုင်း ၁ နာရီခန့်တွင်တော့ မဝေဝေလင်းရောဂါက ပိုဆိုးလာသည်။ ထိုအချိန်တွင်မှတော့ ဘာမှလည်း မလုပ်နိုင်ကြ။ သိပ်မကြာခင်မှာပဲ ဆုံးပါးသွားတော့သည်။  သို့သော် သူ သတိရှိနေဆဲတွင်တော့ သူမဲပေးခဲ့သည့်ပါတီ အနိုင်ရသွားလားဟု မေးဖြစ်အောင် မေးသွားခဲ့သည်။ ထို မေးခွန်းအတွက် တိကျ သေချာသည့်အဖြေက သူ မရှိသည့်နောက် တစ်ရက်အတွင်းသိရသည်။ ပြည်သူ့လွှတ်တော်အတွက် အန်အယ်လ်ဒီကိုယ်စားလှယ်က မဲ ၄၀,၀၀၀ ကျော်၊ ဒုတိယအများဆုံး ရသည့် ပါတီက ၂၈,၀၀၀ ကျော်ရသည်။ တိုင်းလွှတ်တော် မဲဆန္ဒနယ် ၂ တွင် အန်အယ်လ်ဒီက မဲ ၃၀၀၀ ခန့်ဖြင့် အနိုင်ရကြောင်း မင်းကင်းမြို့နယ် အန်အယ်လ်ဒီ ဒု ဥက္ကဋ္ဌက ပြောသည်။ ထို ၂ နေရာမှာ ၂၀၁၅ တုန်းက အန်အယ်လ်ဒီရှုံးခဲ့သည့်နေရာများဖြစ်သည်။ မဲရလဒ်ကို မဝေဝေလင်းတစ်ယောက်  သေသေချာချာ သိခွင့်မရခဲ့သော်လည်း သူတို့ရွာ ကျောက်အိုးတွင်ရော၊ မင်းကင်းမြို့နယ် အတွက်ရော သူ ပေးခဲ့သည့် မဲများက အနိုင်မဲများအတွက် အားဖြည့်ခဲ့သည်မှာ သေချာသည်။ ဒီသတင်းက ရွာနီးချုပ်စပ်နှင့် မင်းကင်းမြို့ပေါ်အထိ ပျံ့နှံ့သွားသည်။ ထိုနေ့မနက် ရွေးကောက်ပွဲ စတင်ပြီး ရွာကလူအများ အားတက်သရော မဲပေးကြသည်။ အိမ်ခြေ ၃၅၀ ကျော်ရှိသည့် ကျောက်အိုးရွာတွင် ထိုနေ့က လူ ၇၅၇ ယောက် မဲလာပေးခဲ့သည်။ ထိုအထဲတွင် မဝေဝေလင်း၏ မိဘများလည်းပါသည်။ သင်္ဂြိုလ်နီးဆဲဆဲ သမီးကိုထားခဲ့ပြီး မဲရုံသို့ ကိုယ်တိုင် မဲသွားပေးခဲ့ကြသေးသည်။ “သူတို့အိမ်မှာ နာရေးရှိနေတော့ စောင့်ဖို့အဆင်မပြေတဲ့အကြောင်း တာဝန်ရှိသူတွေကို ပြောပေးတော့ သူတို့လာတာနဲ့ မဲပေးခိုင်းတယ်။ နေ့လယ် ၂ နာရီလောက်ဆိုတော့ တန်းစီစောင့်နေသူတွေရှိတယ်လေ” ဟု မဲရုံကိုယ်စားလှယ် ကိုမြတ်ဌေးက ပြောသည်။ မဲပေးပြီးသွားသည့် ရွာရှိလူငယ်များကလည်း နာရေးအတွက် လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးကြ၍ လိုက်ပို့သူ အနည်းငယ် လျော့သည်ဟု ဆိုနိုင်သော်လည်း ထိုနေ့လယ်ပိုင်းတွင်ပင် သင်္ဂြိုလ်ပြီးစီးသွားသည်။ ထိုအကြောင်းကို ကြားသည့် မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်သူ လက်ရှိ ဆောက်လုပ်ရေး ဒု ဝန်ကြီးက နောက်တနေ့တွင် ကျန်ရစ်သူမိသားစုအတွက် ငွေကျပ် တစ်သိန်း ထောက်ပံ့ပေးခဲ့သည်။ အနီးအနားရွာများမှ ပါတီဝင်များ၊ ပါတီထောက်ခံသူများကလည်း သတင်းလာမေးကြသည်။ နာရေးအိမ် ဖြစ်သည်မို့ ပါတီအောင်ပွဲအတွက် ဝမ်းမြောက်ကြောင်း သူတို့မပြောနိုင်။ သို့သော် ဝမ်းနည်းစကားထက် လေးစားဂုဏ်ယူကြောင်းကိုသာ ပြောကြသည်။ သတင်းလာမေးသူများက နေ့စဉ်လိုလို တဖွဲဖွဲ လာနေကြလေရာ ရက်လည်နေ့တွင်တော့ လူပိုများပြီး ဆန် ၇ တင်းချက် ထမင်းကျွေးလိုက်ရသည်။ ဒါကလည်း သူတို့မှာ ရှိ၍တော့မဟုတ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများက နိုင်ရာနိုင်ရာ တာဝန်ယူ ကူညီကြခြင်းသာဖြစ်သည်။ မဝေဝေလင်း မသိလိုက်သည့်အကြောင်း ၂ ခုရှိသည်။ သူ့တွင် သွေးကင်ဆာရောဂါရှိခဲ့ကြောင်း သူ မသိ၊ သူ မဲပေးသည့်ပါတီ အနိုင်ရကြောင်း သူ မသိ။ သို့သော် ကျန်ရစ်သူအားလုံးသိဖို့ရာ စကားလုံးမပါသည့် စကားများစွာ သူ ပြောပြခဲ့သည်။ ဒါကို ကျန်ရစ်သူတို့ အမြဲကြားနေပါလိမ့်မည်။ မဝေဝေလင်းသည် သူ့ ကျန်းမာရေးကို ပြန်ကောင်းလာအောင် မလုပ်နိုင်ခဲ့သော်ငြားလည်း လုပ်စရာရှိသည့် နိုင်ငံသားတစ်ယောက်၏ တာဝန်ကို မကွယ်လွန်ခင်မှာ  ဖြစ်မြောက်အောင်လုပ်ဆောင်သွားခဲ့သည်။  ခုတော့ မဝေဝေလင်းတစ်ယောက် သူချစ်သည့် မိသားစု၊ သူတွယ်တာသည့် ကျေးရွာ၊ သူမြတ်နိုးတန်ဖိုးထားသည့် နိုင်ငံ၊ သူ ဝန်းရံထောက်ခံအားပေးသည့် ပါတီ အားလုံးကို စွန့်ခွာချန်ရစ်ထားခဲ့ပြီဖြစ်သည်။  ဒီမိုကရေစီနိုင်ငံတခုတည်ဆောက်ရန် ရွေးကောက်ပွဲသည် အဓိကအကျဆုံးနေရာက ပါဝင်သည်။ ထိုရွေးကောက်ပွဲများတွင် ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက အစိုးရကို ထိန်းကျောင်းခြင်း၊ နိုင်ငံအတွက် လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးခြင်း စသည်တို့ကိုလုပ်သည်။ ဒေသအလိုက် လိုအပ်ချက်များကို တင်ပြတောင်းဆိုကြသည်။ ရွေးကောက်ပွဲများတွင် ပြည်သူတို့ တက်တက်ကြွကြွပါဝင်ခြင်းက ထိုရွေးကောက်ပွဲ၏ အောင်မြင်မှုရေချိန် ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်သူတို့၏ ဂုဏ်လည်းဖြစ်သည်။ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၇၂ သိန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းကျော်က မဲလာပေးခဲ့ကြသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။ မဲပေးခြင်းက ပြည်သူတို့၏ အခွင့်အရေးဖြစ်ပြီး မိမိတို့အတွက် ကိုယ်စားလှယ်ကို ရွေးချယ်နိုင်သည်။ မဲမပေးဘဲ နေခြင်းကလည်း နိုင်ငံသားတယောက်၏ အခွင့်အရေးပင်ဖြစ်ပြီး ရွေးချယ်ခွင့်ကိုတော့ ဆုံးရှုံးခံရသည်။ မည်သည့်ပါတီ၊ ကိုယ်စားလှယ်ကို ရွေးချယ်သည်ပင်ဖြစ်စေ မိမိအခွင့်အရေး၊ မိမိရွေးချယ်ခွင့်နှင့်အတူ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းက နိုင်ငံသားတယောက်၏ တာဝန်ကို ကျေပွန်ပြခြင်းလည်း ဖြစ်သည်။ မင်းကင်းသားတို့ အောင်ပွဲခံနေလိမ့်မည်။ ထို့အတူ ကျောက်အိုးသားတို့လည်း အောင်ပွဲခံနေလိမ့်မည်။ ဘဝနေဝင် နောက်ဆုံးအချိန်ရောက်နေသော်လည်း ရှေ့တွင်ရောက်လာသည့် တာဝန်ကို နိုင်ငံသားတစ်ယောက်ပီသစွာ ထမ်းဆောင်ပြခဲ့သည့် မဝေဝေလင်းအကြောင်းကိုလည်း သူတို့ ပြောဖြစ်နေပါလိမ့်မည်။ မင်းကင်းအတွက် ၅ နှစ်တာဝန်ထမ်းဆောင်ကိုယ်စားပြုပေးမည့် ကိုယ်စားလှယ်တို့ကို သူလည်း ပါဝင် ရွေးချယ်ပေးခဲ့သည်မဟုတ်လား …။ (သိုးဖြူ)
1 year Ago
Up