close

သီတဂူဆရာတော်

close

January 12, 2023

ပြည်မြို့က ရှေးဟောင်းပျူရုပ်တုများကို ဖယ်ရှားရန် သီတဂူဆရာတော် စစ်တပ်အခြံအရံဖြင့် ရောက်နေ

ပဲခူးတိုင်း၊ ပြည်မြို့မှာရှိတဲ့ ရှေးဟောင်းပျူကချေသည်ရုပ်တုတွေကိုဖယ်ရှားပြီး၊ ဒွတ္တဘောင်မင်းကြီးရုပ်တု ထုလုပ်ထားရှိဖို့ သီတဂူဆရာတော်ဟာ  စစ်ကောင်စီတပ်က ကားတွေအပါအဝင် ကား ၁၅ စီးပါယာဉ်တန်းနဲ့ ပြည်မြို့ကိုရောက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဇန်န၀ါရီ ၁၁ ရက် ညနေ ၆ နာရီလောက်က  သဲကုန်းမြို့နယ်ဘက်ကနေ သီတဂူဆရာတော် ဦးဉာဏိဿရဦးဆောင်တဲ့ ဘုန်းကြီးကား ၃ စီးကို   စစ်ကောင်စီယာဉ် ၁၂ စီးခြံရံပြီး ပြည်မြို့ကို ရောက်လာကာ အလင်္ကာဟိုတယ်မှာ ညအိပ်တည်းခိုနေတယ်လို့  ဟိုတယ်ဝန်ထမ်းတွေထံက သိရပါတယ်။

ထွေအုပ်ဝန်ထမ်းတယောက်က “စစ်ကားတွေ၊ ရဲကားတွေ အင်အားအပြည့်နဲ့လာတာ၊ အဲဒီဟိုတယ်က ထရန်စဖော်မာ ဦးသောင်းပိုင်တဲ့ ဟိုတယ်၊ သီတဂူရဲ့တပည့်အရင်းကြီး၊ အခုလည်း ဘုန်းကြီးတွေ ဘုန်းကြီးကျောင်းမှာမတည်းဘဲ ဟိုတယ်မှာတည်းမှာ၊ ဝင်လာကတည်းက တာဂွလမ်းဆုံမှာ စကျင်ကျောက်နဲ့ ဒွတ္တဘောင်မင်းကြီးရုပ်တု ထုဖို့ ဆိုပြီး ပြောနေကြတာ။ အခုက အဲဒီနေရာမှာ  သရေခေတ္တရာခေတ်က တူးဖေါ်ရထားတဲ့ ပျူ ကချေသည်ရုပ်တုတွေ ထားထားတာ၊ အဲ့ဒါတွေကို ဖျက်ပစ်ပြီး  ဒွတ္တဘောင်မင်းကြီးရုပ်တု ထုမှာ။ ဒီအတွက်ကို သူက အုတ်မြစ်ချမှာ အနည်းဆုံး ၃ ရက်လောက်တော့နေမယ်” လို့ ပြောပါတယ်။

ပျူကချေသည်ရုပ်တုတွေနေရာမှာ ဒွတ္တဘောင်မင်းကြီးရုပ်တုနဲ့ ဘာကြောင့် အစားထိုးဖို့ လုပ်ဆောင်နေတယ်ဆိုတာ သေချာမသိရပေမဲ့ ဗေဒင်ယတြာအရ လုပ်ဆောင်တာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ပြည်မြို့ကနေ အောင်လံအထွက် တာဂွလမ်းဆုံမှာ ထားတဲ့ ပျူကချေသည်ရုပ်တုတွေဟာ သမိုင်းဝင် တူးဖော်ရထားတဲ့ တန်ဖိုးဖြတ်မရတဲ့ ပြည်မြို့ရဲ့ အမွေအနှစ်တွေဖြစ်တယ်လို့ မြိုခံတွေက ပြောပါတယ်။

ရှေးဟောင်းသုတေသန ဝါသနာရှင် ပြည်မြို့ခံတဦးက “အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက   ဒွတ္တဘောင်မင်းကြီးရုပ်တုထုဖို့ သီတဂူဆရာတော်က  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို  စစ်တပ်အားကိုးနဲ့ ကြိုးစားသေးတယ် မအောင်မြင်ဘူး။ အခုတော့ သူ့တပည့် မင်းအောင်လှိုင် လက်ထက်မှာတော့ သူလုပ်ချင်ရာကိုလုပ်ခွင့်ရပြီဆိုတဲ့သဘောပါပဲ။ ကျနော်တို့ကတော့ လုံး၀လက်မခံနိုင်ပါဘူး။ အခု ထုထားတဲ့ ပျူကချေသည်ရုပ်တုတွေက တကယ့်သမိုင်းဝင် တူးဖော်ရထားတာ။ ပြည်မြို့ရဲ့ သမိုင်းပါ” လို့ပြောပါတယ်။

သီတဂူဆရာတော်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုးကွယ်တဲ့ ဆရာတော်ဖြစ်ပြီး  စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်အုပ်စုနဲ့ ပိုမိုနီးကပ်စွာဆက်ဆံလာကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သဒ္ဒါ၊ ပညာဖြင့်ပြည့်စုံသောမင်းလို့ လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။

မြတ်စွာဘုရား ခရီးထွက်တဲ့အခါ သံဃာတော်အပါး ၅၀၀  ခေါ်သွားတာ ဘုရားက သူ့ရဲ့အန္တရာယ်ကိုကြောက်လို့ ကာကွယ်ဖို့ဖြစ်တယ် ဆိုပြီး သီတဂူ ဆရာတော်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ 

8 mins Ago

September 3, 2021

မော်စကိုရောက် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် သီတဂူဆရာတော်

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

စစ်ကောင်စီ ဒုတိယ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှာ ကျင်းပတဲ့  International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ဖို့ စက်တင်ဘာ ၁ ရက်ကတည်းက ရုရှားနိုင်ငံကိုထွက်ခွာသွားတာဖြစ်ပါတယ်။

မနေ့မနက်ကတော့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်ပြီး သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရနဲ့  ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယတို့ကို ဖူးမြော် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo-DSINFO

1 year Ago
Up