close

သီတဂူ​ကျောင်း​ဆောင်

close

December 9, 2021

စစ်ကောင်စီတပ်စွဲလေ့ရှိသည့် သီတဂူ​ကျောင်း​ဆောင် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်​ဇေယျကွက်သစ်မှာ စစ်​ကောင်စီတပ်ဖွဲ့တွေ တပ်စွဲလေ့ရှိတဲ့ သီတဂူကျောင်း​ဆောင် ဒီဇင်ဘာ ၈ ရက်​ မနက်က ပစ်ခတ် တိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် People's Defence Army-Yinmarbin(PDA)အဖွဲ့နဲ့ ကနီမြို့နယ် PDF အဖွဲ့တို့က ပူး​ပေါင်းလုပ်​ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီး ၆ ချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဒဏ်​ကြောင့် သီတဂူ​ကျောင်းကြီး ပြိုကျပျက်စီးသွားသလို အဲဒီအထဲမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေလည်း ထိခိုက်​သေဆုံးမှု  ရှိနိုင်တယ်လို့ PDF ​ခေါင်း​​ဆောင်တယောက်က ​ပြောပါတယ်။

သီတဂူ​ကျောင်း​ဆောင်ဟာ စစ်​ကောင်စီတပ်ဖွဲ့​တွေ ​အ​ခြေချ​နေထိုင်​လေ့ရှိပြီး ​ကျောင်းအနီးပတ်ဝန်းကျင်မှာလည်း လုံခြုံ​ရေးဂိတ်ထားရှိကာ လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်​ဆေးနေသလို  ​စျေး​ရောင်း​စျေးဝယ်ခရီးသည်ကားတွေကိုလည်း ​မတရား​ငွေ​တောင်းခံနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၇ ရက် ညပိုင်းကလည်း မုံရွာ-ပုသိမ် ကားလမ်း​ဘေးမှာရှိတဲ့ အမှတ် (၂၈) ရဲတပ်ရင်းကိုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အခုလိုလုပ်​ဆောင်ရတာဟာ စစ်​ကောင်စီတပ်ဖွဲ့က လက်နက်အားကိုးပြီး မတရားအာဏာ လုယူခဲ့ကာ ပြည်သူတွေရဲ့ အသက်အိုးအိမ်​တွေဖျက်ဆီး​နေတာ​ကြောင့် လုပ်​ဆောင်တာလို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

စစ်​ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၇ ရက်​​နေ့က ယင်းမာပင်ခရိုင်အတွင်း ဆားလင်းကြီးမြိုနယ် ဒုန်း​တော​ကျေးရွာက အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်းကို ရက်ရက်စက်စက် ပစ်ခတ်မီးရှို့  သတ်ဖြတ်ခဲ့ပါတယ်။

1 min Ago
Up