close

သီပေါမြို့နယ်

close

May 4, 2023

သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပြီး ၂ ထပ်ကျောင်းဆောင် ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နဲ့ ၁၆ မိုင်အကွာမှာရှိတဲ့ နောင်ကော်ကြီးကျေးရွာက သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းမှာ မေလ ၄ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ ထပ်ကျောင်းဆောင်တခု ပျက်စီးသွားတယ်လို့ သီပေါမြို့နယ် ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မွန်းလွဲ ၁၂ နာရီလောက်က ကျောင်းဆောင်အောက်ထပ် အခန်းတခုကနေ စတင်လောင်ကျွမ်းရာကနေ ၂ ထပ် အုတ်အဆောက်အဦတခုလုံး မီးလောင်သွားတယ်လို့ သိရပြီး သီပေါမြို့နယ်အတွင်းရှိ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာပါ။

သီပေါမြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ခံက “နေ့လယ် ၁၂ နာရီလောက်က မီးသတင်းရလို့ သွားတာပါ။ သီပေါနဲ့ကတော့ ၁၆ မိုင်လောက် ဝေးတာပေါ့။ ကျောင်းဝန်းအလယ်က ကျောင်းမကြီးတခုလုံးတော့ အကုန်လုံးလောင်သွားတယ်၊ လူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သီပေါမြို့နယ်မီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး နေ့လယ် ၁ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ ညပိုင်းကလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ မဏိရတနာစံဖိတ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကိုရင်တပါး ပျံလွန်တော်မူခဲ့ပါတယ်။

12 hours Ago

April 27, 2023

သီပေါမြို့နယ်၊ ကုန်းသာရွာတွင် မိုးသက်လေပြင်းကျ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် အလုံး ၂၀ ခန့် ပျက်စီး

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာမှာ ဧပြီ ၂၆ ရက် မနေ့မွန်းလွဲပိုင်းက မိုးသက်လေပြင်းကျလို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံး ၂၀ လောက် ခေါင်မိုးတွေလန် ပျက်စီးသွားပါတယ်။

မနေ့မွန်းလွဲ ၁ နာရီခွဲကနေ ၂ နာရီထိ မိုးရောလေပါ တိုက်ခတ်လာလို့ ကုန်းသာရွာဦး ဘုန်းတော်ကြီးကျောင်း ခေါင်မိုးက သွပ်တွေ လန်ထွက်ပျက်စီးပြီး သီလရှင်ဇရပ်မှာ သစ်ပင် လဲပြိုကျလို့ ပျက်စီးကြောင်း၊ ရွာထဲကအိမ်တွေလည်း ခေါင်မိုးတွေ လန်ကုန်တာလို့ ကုန်းသာရွာသား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မိုးရော လေပါ တပြိုင်တည်းလာတယ်။ လေက အရမ်းပြင်းတော့ ကုန်းသာကျောင်း ပင်မကျောင်းဆောင်က ခေါင်မိုးလန်ထွက်သွားပြီး ကျောင်းဝင်းထဲက သစ်ပင်ကြီးတွေ ပြိုလဲတယ်။ တစ်ပင်က သီလရှင်ကျောင်းပေါ်ကို ပိကျလို့ အဲဒီကျောင်းလည်း ပျက်စီးတယ်။”

လေပြင်းတွေကြောင့် ကုန်းသာရွာက နေအိမ် ၁၇ လုံးနဲ့ ဟိုနောင်ရွာမှာ နေအိမ် ၂ လုံး၊ ရပ်ကွက် ၃ မှာ ၁ လုံးပျက်စီးသွားပြီး အများအားဖြင့် သွပ်ခေါင်မိုးတွေလန်ထွက်ကုန်တဲ့အပြင် သရက်သီး၊ ပိန္နဲသီးတွေလည်း ကြွေကျကုန်ကြောင်း ၊ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။ 

အပျက်အစီးစာရင်းတွေကို ကျေးရွာအုပ်ချုပ်ရေးဘက်က စာရင်းကောက်ပြီး သက်ဆိုင်ရာကို တင်ပြထားပေမဲ့ ဘယ်လိုအကူအညီရမလဲဆိုတာတော့ မသိဘူးလို့ ရွာသားက ပြောပါတယ်။ 

ကုန်းသာရွာမှာ သီပေါမြို့ မြောက်ဘက် ၁၀ မိုင်လောက်အကွာ သီပေါနဲ့ လားရှိုးမြို့ကြားက အိမ်ခြေပေါင်း ၅၀၀ ကျော်တဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကလည်း မိုးသီးတွေကြွေ မိုးသက်လေပြင်းဒဏ်ခံခဲ့ရလို့ အိမ်ခြေ ၁၄၀ ကျော် ပျက်စီးခဲ့ရပါတယ်။ 

1 week Ago
Up