close

သီပေါ

close

January 16, 2023

သီပေါတွင် ဖယောင်းတိုင် မီးပူဇော်ရာမှ နေအိမ်မီးလောင်ပြီး လေဖြတ်နေသူတဦး သေဆုံး

သီပေါမြို့၊ တောင်မြို့ရပ်ကွက် နယ်မြေ ၉ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ နေအိမ်တအိမ်မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဖယောင်းတိုင်နဲ့ ဘုရားမီး ပူဇော်ရာမှ နေအိမ် မီးလောင်ပြီး လေဖြတ်နေသူတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖယောင်းတိုင်နဲ့ မီးပူဇော်တာပေါ့။ အောက်မှာ ခံထွန်းတဲ့ခွက် မပါတော့ ဘုရားစင် ကြမ်းခင်းကို မီးလောင်ပြီး နေအိမ်မှာ အိပ်နေတဲ့ လေဖြတ်နေသူတဦး သေသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ရာနေရာကို  သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးနဲ့ ၁၅ မိနစ်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လောင်တာက နှစ်ထပ်အိမ်။ မီးလောင်တော့ အိပ်ခန်းထဲမှာ အိပ်နေတဲ့ အမျိုးသားတဦး မီးလောင်ပြီး သေသွားတယ်။ လေလည်းဖြတ်နေတယ်”လို့ ပြောပါတယ်။

လက်တလောမှာ မီးပေါ့ဆစွာ သုံးစွဲသူ ဦးသိန်းဟန်မင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သီပေါမြို့မရဲစခန်းမှာ (ပ) ၈/၂၀၂၃ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

3 mins Ago

April 19, 2022

သီပေါတွင် ထင်းခွေသွားသည့်ရွာသား ၂ ဦးမိုင်းထိ၊ ၁ ဦးဒဏ်ရာပြင်းထန်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ ဧပြီ ၁၈ ရက် ညနေပိုင်းက တောထဲ ထင်းခွေသွားတဲ့ ရွာသား ၂ ဦး မိုင်းထိမိပြီး ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ 

မနေ့ညနေ ၂ နာရီ ၄၅ မိနစ်လောက်က သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု ပုံဖမ်းကျေးရွာမှာ ရွာသား ၂ ယောက်မိုင်းနင်းမိကြောင်း အကြောင်းကားလာတဲ့အတွက် သီပေါကြက်ခြေနီတပ်ဖွဲ့ နဲ့ ဘော်ကြိုပရဟိတအသင်းဝင်တွေ သွားရောက်ကူညီပေးခဲ့ကြတယ်လို့ ပရဟိတအဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့နှစ်ယောက်က တရွာတည်းသား အိမ်နီးချင်းတွေပါ။ မနေ့က ရွာရဲ့တောင်ဘက်မှာရှိတဲ့ လွိုင်စဝ်မိုင်းတောင်မှာ ထင်းသွားခွေတယ်၊ ခွေးတကောင်လည်းပါသွားတယ်။ ခွေးကရှေ့ကသွားပြီး မိုင်းကိုနင်းမိပြီးပေါက်ကွဲတေ။ ကျနော်တို့ရောက်သွားတဲ့အချိန် ခွေးကလေးက ကိုယ်တပိုင်းပဲ ကျန်တော့တယ်၊ သူတို့ ၂ ယောက်ကတော့ မိုင်းစတွေလွှင့်စင်တဲ့ဒဏ်ရာရတာပေါ့။ ခွေးသာမကယ်ရင်တော့ နှစ်ယောက်လုံးမလွယ်ဘူး။”

ဒဏ်ရာရသူ ၂ ယောက်ကို သီပေါဆေးရုံ ပို့ဆောင်ကုသရာမှာ စိုင်းအောင် (၃၀ နှစ်) ကတော့ ပေါင်က မိုင်းစထိမှန်တဲ့ ဒဏ်ရာကိုဆေးထည့်ပြီး အိမ်မှာပြန်အနားယူစေကြောင်း၊ စိုင်းလှဝင်း ( ၂၄ နှစ်) မှာ မိုင်းစက နှလုံးနဲ့အလွန်နီးကပ်စွာ စိုက်ဝင်နေတဲ့အတွက် စိုးရိမ်ရပြီး လားရှိုးဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။ 

စိုင်းအောင်မှာ သားသမီး ၄ ယောက်ကို ထင်းရောင်းပြီး ရှာကျွေးနေတာမို့ အလုပ်မလုပ်နိုင်တဲ့အတောတွင်း စားဝတ်နေရေးခက်ခဲကြောင်း၊ စိုင်းလှဝင်းမှာလည်း တနေ့လုပ်တနေ့စားသာမို့ ဆေးကုသစရိတ်မရှိတဲ့အတွက် ICRC အဖွဲ့အစည်းထံ အကူအညီတောင်းပေးထားတယ်လို့ ဆိုပါတယ်။ 

သီပေါနဲ့ ကျောက်မဲကြားက ပုံဖမ်း၊ ကျင်သီ၊ ကြံခင်း၊ နောင်အန်း၊ ကုန်းညု၊ နားမွန်း၊ မန့်ဆိုင်း၊ တင်းလုံ စတဲ့ ကျေးရွာအနီးတဝိုက် တောတောင်တွေထဲမှာ ပြီးခဲ့တဲ့နှစ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲပြီးတဲ့နောက် ရွာသားတွေမကြာခဏ မိုင်းနင်းမိလို့  အဲဒီနေရာတွေမသွားဖို့  ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သတိပေးထားပေမယ့် စားဝတ်နေရေးအရ စွန့်စားသွားလာနေရပြီး ဒီ ၂၀၂၂ နှစ်ထဲမှာတင် မိုင်းမိရွာသား ၅ ဦး ရှိသွားပြီဖြစ်ကာ ၁ ဦးမှာ ပေါင် ၂ ဖက်လုံး ဖြတ်လိုက်ရတယ်လို့ ပရဟိတအဖွဲ့ဝင်က ပြောသွားပါတယ်။

9 months Ago
Up