close

သီရိမင်္ဂလာဈေးသစ်

close

October 21, 2022

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်အနီးရှိ KBZ ဘဏ်ရှေ့တွင် ဗုံးပေါက်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးသစ်အနီးရှိ KBZ ဘဏ်ရှေ့မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ညနေပိုင်းက ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ် ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သီရိမင်္ဂလာဈေးသစ်အနီးရှိ KBZ ဘဏ်ရှေ့မှာ ဒီကနေ့ညနေ ၃ နာရီက ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

“ဗုံးပေါက်တော့ လန့်ပြီးမောင်းနေတဲ့ ကားတောင် ရပ်သွားတယ်။ ပိတောက်ချောင်းရဲစခန်းက ရဲတွေရော စစ်သားတွေရော ထွက်လာတယ်။ အဲဒီမှာ လမ်းပိတ်ပြီး စစ်တော့တာပဲ။ ဒဏ်ရာရတာ၊ သေတာတော့ မကြားဘူး။”

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကားလမ်းပိတ် စစ်ဆေးမှုတချို့ ပြုလုပ်ပြီး ပေါက်ကွဲခဲ့တဲ့နေရာမှာ ဗုံးထပ်မံရှာဖွေခဲ့တယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

“ဘုရင့်နောင်စစ်ကြောရေး ဗုံးနဲ့အပစ်ခံရပြီးကတည်းက ရဲစခန်းနဲ့ တပ်နဲ့ ချိတ်ထားတာ။ ပြီးတော့ လှိုင်က ပစ်ခတ်မှုကိစ္စတွေလည်းရှိတော့ ဖြစ်တာနဲ့ အုံနဲ့ကျင်းနဲ့ ရောက်လာတာ။”

ဒီကနေ့ ဖောက်ခွဲတိုက်ခိုက်မှုကို Generatin-Y Guerilla GY G၊ Myint Ma Kha၊ Army Representing Myanmar Society (ARMS) နဲ့ P.C-UGF မဟာမိတ်ညီနောင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး KBZ Pay ကနေတဆင့် ယူဂျီတွေရဲ့ ငွေလွှဲဒေတာတွေကို စည်းကမ်းမဲ့စွာ စစ်‌ေကာင်စီကို ပေးနေတဲ့အတွက်ကြောင့် သတိပေး ဖောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်မှတ်တိုင်အနီးမှာ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်ကြီးလင်မယားနဲ့ တပ်သားတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် လှိုင်မြို့နယ်မှာ လုံခြုံရေးတင်းကျပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၄ ရက်ကလည်း အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၂၇ ကြိမ်ဖြစ်ခဲ့ပြီး ၁၄ ယောက် သေဆုံးကာ ၃၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

12 hours Ago

September 19, 2020

ပိုးတွေ့လူနာ ၈ ဦးရှိလာသည့် သီရိမင်္ဂလာဈေးသစ် ပိတ်ရန်အစီအစဉ်မရှိသေးဟု ဈေးတာဝန်ခံပြော

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးသစ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးအထိ တွေ့ရှိထားတယ်လို့ လှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။  သီရိမင်္ဂလာဈေးမှာတွေ့တဲ့ အတည်ပြုလူနာတွေမှာ ဖျားတာ၊ အနံ့မရတာ စတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။  ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့ ဆိုင်ခန်းတွေကိုတော့ Lockdown  ချထားပြီး ဈေးတစ်ခုလုံးကိုပိတ်ဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ဈေးတာဝန်ခံ ဦးအောင်လင်းဦးက ပြောပါတယ်။ “ကျနော်တို့က ဈေးတော့ပိတ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ပိုးတွေ့လူနာတွေနေခဲ့တဲ့ ဆိုင်ခန်းတွေမှာတော့ Lockdown တွေချထားပါတယ်။ စီမံခန့်ခွဲမှုအနေနဲ့က ပထမလှိုင်း မတ်လ ၂၃ ရက်နေ့ကတည်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။”  သီရိမင်္ဂလာဈေးဟာ ရန်ကုန်တမြို့လုံးကို ကုန်စိမ်းဖြန့်ဝေတဲ့ ဈေးဖြစ်တဲ့အတွက် ရောဂါကူးစက်ခံရတဲ့ သတင်းအပေါ် စိုးရိမ်စိတ်တွေရှိနေကြပါတယ်။ လှိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “တော်တော်များများက အနံ့ပျောက်တာ၊ ပထမဆုံးတစ်ယောက်က ဖျားတာ။ ဆေးရုံပို့ပြီး စစ်လိုက်တော့ ကိုဗစ်ဖြစ်နေတာ။ ဈေးကို စီမံခန့် ခွဲတာကတော့ စည်ပင်ကလုပ်မှာ။ လက်ရှိအချိန်အထိတော့ ဈေးပိတ်တာမရှိသေးဘူး။ သူတို့နဲ့ထိတွေ့သူ တော်တော်များများကိုတော့ ကွာရန်တင်းစင်တာပို့လိုက်ပြီ” လို့ပြောပါတယ်။ သီရိမင်္ဂလာဈေးမှာ ကိုဗစ်-၁၉ ကာလစတင်ကတည်းက ကုန်ကားဝင်ရောက်တာ ၈၀ ရာခိုင်နှုန်းလျော့ကျပြီး ၂၀ရာ ခိုင်နှုန်းပဲ အဝင်အထွက်ရှိတော့တာပါ။  တရုတ်နိုင်ငံက ကုန်ပစ္စည်းကလည်း အဝင်မရှိတဲ့အတွက် ဈေးမှာ လူများများမရှိဘူးလို့ ဈေးတာဝန်ခံဦးအောင်လင်းဦးကပြောပါတယ်။ “ကုန်ကားက လက်ရှိအနေအထားအရ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတော့တယ်။ ကုန်ကား ၇၀၀၊ ၈၀၀ ဝင်တဲ့ အခြေအနေကနေ မနေ့ကဆို ၈၂ စီးပဲဝင်တာ ရှိပါတော့တယ်။ ကုန်စိမ်းဝင်ရောက်မှုက အရင်တုန်းကထက် တဝက်လောက်လျော့ကျသွားပါတယ်။ တရုတ်ပြည်က ကုန်ပစ္စည်းဝင်တာ မရှိသလောက်ဖြစ်နေတဲ့ ဈေးမှာလည်း လူမရှိသလောက် ဖြစ်နေပါပြီ။” ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ သီရိမင်္ဂလာဈေးတည်ရှိရာ လှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ ၁၅၈ ဦးအထိ ရှိနေပါတယ်။
2 years Ago
Up