close

သီရိလင်္ကာနိုင်ငံရေး

close

July 14, 2022

သီရိလင်္ကာယာယီသမ္မတက နိုင်ငံတွင်းအခြေအနေထိန်းသိမ်းရန် ကော်မတီဖွဲ့စည်းတာဝန်ပေး

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် နိုင်ငံတွင်းအခြေအနေကို ထိန်းချုပ်ဖို့ ကာကွယ်ရေးဦးစီးချုပ်၊ စစ်ဦးစီးချုပ်တွေနဲ့ ရဲအရာရှိတွေပါတဲ့ ကော်မတီကို ယာယီသမ္မတ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ်က ခန့်အပ်လိုက်တယ်လို့ ဇူလိုင် ၁၃ ရက်နှောင်းပိုင်းမှာ ပြောလိုက်ပါတယ်။

သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ခ်စာက ယာယီသမ္မတအဖြစ် ခန့်အပ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဝစ်ကရာမန်ဆင်းဂ်က ဆက်လက်ဖြစ်ပွားနေဆဲ ဆန္ဒပြပွဲတွေအတွင်းမှာ နိုင်ငံသားတွေ လုံခြုံဘေးကင်းတာ သေချာစေဖို့ ကော်မတီကို ညွှန်ကြားထားတယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ရာဂျာပတ်ခ်ဆာနဲ့ ဝစ်ကရာမန်ဆင်းဂ်တို့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဇူလိုင် ၁၃ ရက်က ကိုလံဘိုမြို့တော်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူတွေက ဝိုင်းထားခဲ့ကြပါတယ်။

အပျော်တမ်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေအရ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ရင်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

မော်လ်ဒိုက်နိုင်ငံဆီကို ဇူလိုင် ၁၃ ရက်နေ့ အစောပိုင်းက ထွက်သွားတဲ့ သမ္မတဟာ ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းကြားမှာ သမ္မတရာထူးကနေ နုတ်ထွက်ဖို့ မျှော်လင့်ထားကြတာပါ။

ယာယီသမ္မတ ဝစ်ကရာမန်ဆင်းဂ်ဟာ မြို့တော် ကိုလံဘို အပါအဝင် အနောက်ပိုင်းပြည်နယ်မှာ ညမထွက်ရအမိန့်နဲ့ တနိုင်ငံလုံး အရေးပေါ်အခြေအနေကို ဇူလိုင် ၁၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

2 mins Ago

May 19, 2022

သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း မဟင်ဒြာ ရာဂျာပတ်စာကို ဖမ်းဆီးရန် တောင်းဆိုဆန္ဒပြ

သီရိလင်္ကာနိုင်ငံရဲ့မြို့တော် ကိုလံဘိုက သမိုင်းဝင် ခံတပ်ဘူတာရုံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ မေ ၁၈ ရက်မှာ စုရုံးခဲ့ကြပြီး ဝန်ကြီးချုပ်ဟောင်း မဟင်ဒြာ ရာဂျာပတ်စာကို ဖမ်းဖို့ တောင်းဆိုနေပါတယ်။

ဆန္ဒပြသူ အယောက် ၂၅၀ နဲ့ ၃၀၀ ကြားလောက်ရှိပြီး ဆန္ဒပြသူတွေက ဆောင်ပုဒ်တွေကို ဟစ်ကြွေးခဲ့ပါတယ်။

သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာနဲ့ သူ့အစ်ကို ဝန်ကြီးချုပ်ဟောင်း မဟင်ဒြာ ရာဂျာပတ်စာတို့ကို ပြစ်တင်ရှုတ်ချတဲ့ နဖူးစည်း စာတမ်းတွေကိုလည်း ဆန္ဒပြသူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

စီးပွားရေး အကျပ်အတည်း ကိုင်တွယ်ပုံနဲ့ ပတ်သက်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ အချိန်တလကျော်ကြာ ငြိမ်းချမ်းခဲ့တာပါ။ ဒါပေမဲ့ အရင်အပတ်ကတော့ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေက စီးပွားရေးမြို့တော် ကိုလံဘိုက အစိုးရဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စခန်းကို စီးနင်းခဲ့လို့ လူသေဆုံးခဲ့ပါတယ်။

ဆန္ဒပြသူတွေ၊ အစိုးရ ထောက်ခံသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၉ ယောက် သေဆုံးပြီး အယောက် ၃၀၀ ကျော် ဒဏ်ရာရပါတယ်။

"မဟင်ဒြာ ရာဂျာပတ်စာနဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ဖမ်းဖို့ ကျနော်တို့က ရဲမှူးချုပ်ကို ဖိအားပေးနေတယ်" လို့ သမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ မေ ၉ ရက်က ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေး၊ လောင်စာဆီဈေးနှုန်း မြင့်တက်တာနဲ့ အစိုးရကို လူကြိုက်များရေးအတွက် အခွန်လျှော့ချခဲ့တာတွေကြောင့် ခရီးသွားလုပ်ငန်းကို အဓိက မှီခိုနေရတဲ့ သီရိလင်္ကာစီးပွားရေးဟာ လွတ်လပ်ရေးရပြီးတည်းက ခုထိ မယှဉ်သာအောင် ကျဆင်းခဲ့ပါတယ်။

2 months Ago
Up