close

သီရိလင်္ကာယာယီသမ္မတ

close

July 14, 2022

သီရိလင်္ကာယာယီသမ္မတက နိုင်ငံတွင်းအခြေအနေထိန်းသိမ်းရန် ကော်မတီဖွဲ့စည်းတာဝန်ပေး

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် နိုင်ငံတွင်းအခြေအနေကို ထိန်းချုပ်ဖို့ ကာကွယ်ရေးဦးစီးချုပ်၊ စစ်ဦးစီးချုပ်တွေနဲ့ ရဲအရာရှိတွေပါတဲ့ ကော်မတီကို ယာယီသမ္မတ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ်က ခန့်အပ်လိုက်တယ်လို့ ဇူလိုင် ၁၃ ရက်နှောင်းပိုင်းမှာ ပြောလိုက်ပါတယ်။

သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ခ်စာက ယာယီသမ္မတအဖြစ် ခန့်အပ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဝစ်ကရာမန်ဆင်းဂ်က ဆက်လက်ဖြစ်ပွားနေဆဲ ဆန္ဒပြပွဲတွေအတွင်းမှာ နိုင်ငံသားတွေ လုံခြုံဘေးကင်းတာ သေချာစေဖို့ ကော်မတီကို ညွှန်ကြားထားတယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ရာဂျာပတ်ခ်ဆာနဲ့ ဝစ်ကရာမန်ဆင်းဂ်တို့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဇူလိုင် ၁၃ ရက်က ကိုလံဘိုမြို့တော်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူတွေက ဝိုင်းထားခဲ့ကြပါတယ်။

အပျော်တမ်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေအရ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ရင်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

မော်လ်ဒိုက်နိုင်ငံဆီကို ဇူလိုင် ၁၃ ရက်နေ့ အစောပိုင်းက ထွက်သွားတဲ့ သမ္မတဟာ ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းကြားမှာ သမ္မတရာထူးကနေ နုတ်ထွက်ဖို့ မျှော်လင့်ထားကြတာပါ။

ယာယီသမ္မတ ဝစ်ကရာမန်ဆင်းဂ်ဟာ မြို့တော် ကိုလံဘို အပါအဝင် အနောက်ပိုင်းပြည်နယ်မှာ ညမထွက်ရအမိန့်နဲ့ တနိုင်ငံလုံး အရေးပေါ်အခြေအနေကို ဇူလိုင် ၁၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

5 days Ago
Up