သီရိလင်္ကာနိုင်ငံမှာ လက်ရှိအာဏာရ ညွန့်ပေါင်းအဖွဲ့က အမတ် ဒါဇင်ချီ ထွက်သွားအပြီး ဧပြီ ၅ ရက်နှောင်းပိုင်းမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာက အရေးပေါ် အခြေအနေ ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ဧပြီ ၆ ရက်က လွှတ်တော်ကို လုံခြုံရေးတပ်တွေက စောင့်ကြပ် နေရာယူထားပါတယ်။
သမ္မတဟာ သူ့အစိုးရအဖွဲ့ကို ဧပြီ ၄ ရက်မှာ ဖျက်သိမ်းပြီး ညီညွတ်ရေးအစိုးရ ပြန်ဖွဲ့ဖို့ ကြိုးစားနေတာပါ။
ဧပြီ ၅ ရက်မှာ ထုတ်ပြန်တဲ့ အစိုးရပြန်တမ်းမှာ သမ္မတက ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အုပ်ချုပ်ရေးကို ပြန်ရုပ်သိမ်းခဲ့တာပါ။
ပြည်သူတွေက သီရိလင်္ကာအစိုးရ ထုတ်ပြန်ထားတဲ့ နေဝင်မီးငြိမ်း အမိန့်ကိုရော အရေးပေါ်အခြေအနေ ကြေညာချက်ကိုပါ ဗြောင်ကျကျ အာခံခဲ့ကြပြီး သမ္မတ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
လမ်းပေါ် ဆန္ဒပြပွဲတွေ စခဲ့တာ တလကျော်ခဲ့ပြီး လတ်တလောရက်တွေမှာ ပိုပြင်းထန်လာခဲ့တာပါ။
ကိုလံဘိုမြို့တော်မှာလည်း ဆရာဝန်တွေက ဆေးရုံတွေမှာ မရှိမဖြစ် ဆေးဝါးတွေ ပြတ်လပ်နေတဲ့အတွက် ဧပြီ ၆ ရက်နေ့က လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
"အသက်ကယ်ဆေး ငါးမျိုးနဲ့ မရှိမဖြစ် ဆေး ၁၈၉ မျိုး ပြတ်လပ်နေပြီ၊ ကျန်းမာရေးကပ်ဘေး အခြေအနေကို ရင်ဆိုင်ရတော့မယ်" လို့ အစိုးရ ဆေးဘက်ဆိုင်ရာ အရာရှိများအသင်း ပြောခွင့်ရ ဗာစံ ရတ်နာဆင်ဂံက ပြောပါတယ်။
နိုင်ငံခြားငွေ ပြတ်လပ်နေလို့ သီရိလင်္ကာမှာ စားနပ်ရိက္ခာနဲ့ လောင်စာ ပြတ်လပ်နေပြီး လျှပ်စစ်မီးလည်း ပျက်နေတာပါ။
အကြွေးနစ်နေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် အုပ်ချုပ်သူမိသားစုရဲ့ ကိုင်တွယ်မှုကို မကျေမနပ် ဒေါသထွက်နေတဲ့ ပြည်သူတွေ ဆန္ဒပြရင်း တိုင်းပြည် မငြိမ်မသက် ဖြစ်နေပါတယ်။