သီရိလင်္ကာနိုင်ငံမှာ ညမထွက်ရကာဖျူးအမိန့်ကို မေလ ၁၃ ရက်မနေ့က ပြန်လည် ရုပ်သိမ်းလိုက်ပေမယ့် ဝန်ကြီးချုပ်သစ်ခန့်အပ်လိုက်တဲ့အပေါ်မှာ အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်နေကြပါတယ်။
အတိုက်အခံညီညွတ်သောအမျိုးသားရေးပါတီ (ယူအန်ပီ) ခေါင်းဆောင် ရာနေး ဝစ်ကရင်းမဆင်းဂ် ကို သမ္မတရာဂျာပက်စာက မေ ၁၂ ရက်က ဝန်ကြီးချုပ် ခန့်လိုက်တာပါ။
မြို့တော် ကိုလံဘိုအပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ သမ္မတက သူ့ရဲ့အစ်ကို နေရာမှာ အရင် ဝန်ကြီးချုပ်ဟောင်းကို အစားထိုးခန့် အပ်လိုက်တာပါ။
ကိုလံဘိုမြို့မှာ သတင်းစာရောင်းတဲ့ မာလိခ်သူရှာရာက “လူတွေက ဝန်ကြီးချုပ်သစ်က တခုခု လုပ်ပေးနိုင်မယ်လို့ ထင်နေပေမဲ့ ကျနော်ကတော့ သူ့ကို နိုင်ငံရေးအရ မကြိုက်ပါဘူး”လို့ ပြောပါတယ်။
အရင်ကသီရိလင်္ကာနိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန်ကို ငါးကြိမ်ယူခဲ့ဖူးတဲ့ ဝစ်ကရင်းမဆင်းဂ်ဟာ ဒီတကြိမ်မှာတော့ တိုင်းပြည်ရဲ့ စီးပွားရေး အကျပ်အတည်းအပြင် နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကိုပါ ဖြေရှင်းပေးဖို့ တာဝန်ရှိလာပါတယ်။
ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ အရေးပေါ်ကာလ ဝန်ကြီးချုပ်သစ်ဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး တိုင်းပြည်မှာ ကြုံနေရတဲ့ အခက်အခဲကို ကိုင်တွယ်သွားမယ့်သဘောမျိုး ရှိပါတယ်။
အစိုးရရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ ကိုဗစ်-၁၉ ကပ်ဘေး၊ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့နောက်ပိုင်း လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာတွေကြောင့် သီရိလင်္ကာဟာ စီးပွားရေး အကျပ်အတည်းဆိုက်ပြီး နိုင်ငံခြားကနေသွင်းရတဲ့ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်တဲ့အထိ ဖြစ်နေပါတယ်။