သီရိလင်္ကာနိုင်ငံဟာ ဆုံးဖြတ်ချက ချရမယ့် လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ဝန်ကြီးချုပ် မဟင်ဒြာ ရာဂျာပတ်စာက ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။
စီးပွားရေး အကျပ်အတည်း နက်နက်ရှိုင်းရှိုင်း ကျရောက်နေတာကို အစိုးရက ကိုင်တွယ်ဖြေရှင်း ပုံအပေါ် ဆက်ပြီး ဆန္ဒပြနေသူတွေကိုလည်း စိတ်ရှည်သည်းခံကြဖို့ တောင်းဆိုလိုက်ပါတယ်။
ညီဖြစ်သူ သမ္မတက ဦးဆောင်တဲ့ အစိုးရဟာ လယ်သမားတွေအတွက် မြေဩဇာ အမတော်ကြေး ပြန်ပေးမယ်လို့ အစ်ကိုဝန်ကြီးချုပ်က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
မနှစ်က ဓာတ်မြေဩဇာ သုံးစွဲမှု တားမြစ်ပိတ်ပင်ခဲ့တဲ့အတွက် လယ်သမားတွေ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာခဲ့တာပါ။
တင်သွင်းကုန်အတွက် နိုင်ငံခြားငွေ မရှိတော့လို့ လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာကျွန်းနိုင်ငံမှာ လောင်စာ၊ လျှပ်စစ်မီး၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ ပြတ်လပ်နေပါတယ်။
အရေးပေါ် ဘဏ္ဍာရေး အကူအညီအတွက် တရုတ်၊ အိန္ဒိယတို့လို နိုင်ငံတွေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ဆီလည်း အကူအညီတောင်းထားပါတယ်။
လက်ရှိ အာဏာရ သီရိလင်္ကာ ညွန့်ပေါင်းအစိုးရဆီကနေ နိုင်ငံရေးပါတီ ၃ ခုက လတ်တလောမှာ နုတ်ထွက်ထားပြီး ဝန်ကြီးချုပ် မဟင်ဒြာ ရာဂျာပတ်စာကို အစားထိုးဖို့ ဝန်ကြီးချုပ် အသစ်နဲ့အတူ ကြားဖြတ်အစိုးရဖွဲ့ဖို့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။