အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံအတွက် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ငွေကြေးထောက်ပံ့ ပေးရေးနဲ့ ပက်သက်ပြီး မတ် ၂၀ ရက်မှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
နိုင်ငံ့စီးပွားရေး ပြန်လည်လည်ပတ်နိုင်ဖို့အတွက် ဒီငွေကြေးအထောက်အပံ့က အကူအညီ ပေးနိုင်လိမ့်မယ့်လို့လည်း အများကမျှော်လင့်ထားတာပါ။
ဒီလအစောပိုင်းမှာ IMF စီမံခန့်ခွဲရေးဆိုင်ရာ ဒါရိုက်တာဖြစ်သူ ခရစ္စတယ်လီနာ ဂျော်ဂျီဗာက “သီရိလင်္ကာအာဏာပိုင်တွေအနေနဲ့ အဆုံးအဖြတ်ပေးနိုင်မယ့် မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်တွေ အပါအဝင်နိုင်ငံရဲ့ အဓိကကြွေးမြီရှင်တွေဆီက ဘဏ္ဍာရေးဆိုင်ရာ အာမခံချက်ရယူရာ မှာ တိုးတက်လာတဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုတယ်”လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါ တယ်။
အိန္ဒိယနဲ့တရုတ်နိုင်ငံလိုမျိုး အဓိကကြွေးမြီရှင်တွေဆီက ဘဏ္ဍာရေးအာမခံချက်နဲ့အတူ ရန်ပုံငွေ ထောက်ပံ့ပေးရာမှာ လိုအပ်တဲ့အချက်တစ်ခုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒီကျွန်းနိုင်ငံအနေနဲ့ အတည်ပြုခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက် ပေးပါတယ်။
လွန်ခဲ့တဲ့နှစ်အစပိုင်းမှာ ကိုဗစ်-၁၉ကပ်ရောဂါဆိုင်ရာ အကျိုးသက်ရောက်မှု အပါအဝင် စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုအမှား အယွင်းတွေကြောင့် သီရိလင်္ကာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ သွင်းကုန်တွေဝယ်ယူဖို့ ဒေါ်လာ အကြီး အကျယ် ပြတ်တောက်ခဲ့တာပါ။
ဒါဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံဆီက လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံအတွက် အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းလည်း ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်က စုဝေးပြီး အခွန်အခနဲ့ မီတာခနှုန်းထားတွေ အဆမတန် တိုးမြှင့်ခြင်းကနေ ပြန်လျှော့ပေးဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ သက်မွေးဝမ်းကျောင်း လုပ်ငန်းနယ်ပယ်စုံကဖြစ်ပြီး မီးရထားဂိတ် အပြင်ဘက်ရှိ လမ်းမကြီးတခုကို ပိတ်ဆို့ပြီး ကြွေးကြော်သံအမျိုးမျိုးကို အော်ဟစ် ကြွေးကြော်ခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ပညာရှင်တွေဆီကနေ ဝင်ငွေခွန် ၁၂ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ကောက်ခံမယ့် အခွန်ငွေ အစီအစဉ်သစ်ကိုလည်း ဇန်နဝါရီလမှာ မိတ်ဆက်ခဲ့ပါတယ်။
အစိုးရ ဆေးဘက်ဆိုင်ရာ အရာရှိများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဟာရီသ အလွတ်ဂ်က “အသစ်ဖွဲ့စည်းလိုက်တဲ့ အခွန်ဆိုင်ရာ ပြင်ဆင်မှုတွေဟာ အစိုးရကနေ ပညာရှင်တွေနဲ့ အလုပ်သမား လူတန်းစားအပေါ် ဆိုးဆိုးရွားရွား အနိုင်ကျင့်မှုဖြစ်လို့ ခုလို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြရတာဖြစ်ကြောင်း” ပြောပါတယ်။
တက္ကသိုလ်ဆရာများအသင်း ပြောရေးဆိုခွင့်ရှိသူ ချန်ဒသာ အီလ်လန်ဂါဆင်းဂါးကလည်း သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းမပေးရင် မတ်လ ၁ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီးကျင်းပဖို့ ဆွေးနွေးထားကြောင်း သတိပေး ပြောကြားပါတယ်။
တက္ကသိုလ်တွေ၊ လျှပ်စစ်မီး၊ ရေ အပါအဝင် အားလုံးကို ပိတ်ပစ်မှာဖြစ်ပြီး ဒီအဖွဲ့အစည်းတွေအားလုံး ဆက်တိုက် အထွေထွေသပိတ် ဆင်နွှဲကြမှာလို့ ဆိုပါတယ်။
သီရိလင်္ကာအစိုးရဟာ ဖေဖော်ဝါရီ ၁၆ ရက်က လျှပ်စစ်ဓာတ်အားခဈေးကို ၆၆ ရာခိုင်နှုန်း မြှင့်တင်ခဲ့ပြီး အစိုးရက အကျပ်အတည်းဖြစ်နေတဲ့ စီးပွားရေးအတွက် ထောက်ပံ့ကူညီမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။
အကျပ်အတည်းဒဏ်ခံနေရတဲ့ တောင်အာရှနိုင်ငံဟာ IMF ရန်ပုံငွေ ရရှိဖို့ အစိုးရဝင်ငွေတိုးဖို့ အခွန်တွေတိုးဖို့ လိုနေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဂျီဒီပီရဲ့ ၈ ဒသမ ၃ ရာခိုင်နှုန်းကနေ အခုနှစ်မှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်း တိုးပြီးရဖို့ လိုအပ်နေတာပါ။