close

သုတေသနစာတမ်း

close

January 11, 2023

အွန်လိုင်းပေါ်မှ သု‌တေသနစာတမ်းဝယ်ယူမှု ထိုင်းတက္ကသိုလ်ပညာရေးလောက ဂယက်ရိုက်

ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတွေကို  အွန်လိုင်းပေါ်ကနေ ငွေပေးပြီး  ဝယ်ယူတဲ့အထဲမှာ  ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်က တက္ကသိုလ် ဆရာတချို့ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံတကာတက္ကသိုလ်တွေမှာ ကထိက၊ ပါမောက္ခ အစရှိတဲ့ ဂုဏ်ထူးရာထူးတွေ ရရှိဖို့ သက်ဆိုင်ရာပညာရပ်ကို လက်တွေ့ကွင်းဆင်း အချက်အလက်စုဆောင်းတာ၊ မှီငြမ်းကိုးကား ကျမ်းတွေ ရှာဖွေဖတ်ရှုတာတွေကို အချိန်ပေးပြီး သုတေသနစာတမ်း ရေးသားတင်ပြကြရပါတယ်။

ဒါပေမဲ့လည်း သုတေသနလုပ်ငန်းတွေကို အပင်ပန်းခံ၊ အချိန်ကုန်ခံ လုပ်စရာမလိုဘဲ ငွေရှိရင် အွန်လိုင်းကနေ ဝယ်ယူနိုင်ကြောင်း၊ အဆိုပါ အွန်လိုင်းပေါ်မှာ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်အမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးကို ဖော်ပြထားပြီး တဦးချင်း အမည်ပေါက်အနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့လိုက် အမည်နဲ့သော်လည်းကောင်း မတူညီတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်တယ်လို့ For Better Science အမည်ရှိ နိုင်ငံခြားဝက်ဘ်ဆိုက်တခုက ထုတ်ဖော်ရေးသား ဖွင့်ချလိုက်ပါတယ်။

အဆိုပါသုတေသနစာတမ်းကို ငွေပေးပြီး ဝယ်ယူတဲ့အထဲမှာ အင်ဒိုနီးရှား၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ အာရပ်၊ အီဂျစ်၊ အီရတ်၊ ထိုင်း စတဲ့နိုင်ငံသားတွေ ပါဝင်ကြောင်း၊ ထိုင်းမှာဆိုရင် ချင်းမိုင်တက္ကသိုလ် ဆေးသိပ္ပံဌာနမှ ဆရာ ၁ ဦး၊ ဘန်ကောက် ကျူလာဖွန်းတက္ကသိုလ် သူနာပြုဌာနမှ ဆရာ ၁ ဦး ပါရှိကြောင်း ပြည်ပရောက် Biotech Institute မှ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာ အနန် ကျူန်းကယောက်ဝပ်ထနားက ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ချင်းမိုင်တက္ကသိုလ်က ဆရာဟာ ၂ နှစ်အတွင်း သုတေသနစာတမ်း အစောင် ၉၀ ကို တင်သွင်းခဲ့ကြောင်း၊ တချို့ခေါင်းစဉ်တွေဟာ သူယူထားတဲ့ဘာသာရပ်နဲ့ လုံးဝမသက်ဆိုင်ဘူး လို့လည်း ထောက်ပြထားပါတယ်။

ထိုင်းတက္ကသိုလ်လောကမှာ ဒေါက်တာဘွဲ့၊ ကထိက၊ လက်ထောက်ကထိက၊ ပါမောက္ခ၊ ဌာနမှူး အစရှိတဲ့ ရာထူးတွေရဖို့ သုတေသနစာတမ်းဟာ အဓိကကျသလို မိမိရဲ့စာတမ်းဟာ စာအုပ်အဖြစ် ထုတ်ဝေခွင့်ရရင် ဘတ်ငွေသိန်းဂဏန်းရှိ ပရောဂျက်တွေကိုလည်း ပညာရေးဌာနကနေ အထောက်အပံ့ရတယ်လို့ work point today သတင်းမှာ ဖော်ပြပါတယ်။

မရိုးသားသူတွေဟာ သောင်းဂဏန်းလောက် ငွေရင်းနှီးရုံနဲ့ ရာထူးတိုးတာ၊ လစာတိုးတာ ခံစားရပြီး ဘတ်သိန်းနဲ့ချီတဲ့ ပရောဂျက်ရန်ပုံငွေလည်း ရရှိကြောင်း၊ ဒါကြောင့် ပညာရေးလောကသည် ပညာမဲ့သော အရောင်းအဝယ် အမြတ်အစွန်းလုပ်ရာနေရာ ဖြစ်သွားမှာကို စိုးရိမ်မကင်းဖြစ်ကြောင်း ထိုင်းပညာရှင်လောကမှာ ဝေဖန်နေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းမိုင်တက္ကသိုလ်အနေနဲ့ အလွန်ကြီးမားတဲ့ ပြဿနာရပ်အဖြစ် သတ်မှတ်ကာ အမြန်ဆုံး အရေးယူဖြေရှင်းသွားမယ်လို့ ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

သုတေသနစာတမ်းကို မိမိဘာသာ အားထုတ်မှုမရှိဘဲ ငွေနဲ့ဝယ်ယူတာဟာ ပညာရေးကျင့်ဝတ်နဲ့ ဝန်ထမ်းဆိုင်ရာ ကိုယ်ကျင့်တရားကို ဆိုးရွားစွာထိခိုက်ကြောင်း၊ ချင်းမိုင်တက္ကသိုလ်အနေနဲ့ ဒီလိုလုပ်ဆောင်ချက်ကို လုံးဝလက်မခံကြောင်း၊ အရေးပေါ်ကော်မတီတရပ်ဖွဲ့ပြီး စွပ်စွဲခံရသူကို စုံစမ်းစစ်ဆေးကာ တက္ကသိုလ်ရဲ့ ကျင့်ဝတ် ကျင့်ထုံးတွေနဲ့အညီ အမြန်ဆုံး အရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား -  work point today

12 hours Ago

February 11, 2020

ပြည်ထောင်စုအင်စတီကျူ့၏ သုတေသနစာတမ်း မိတ်ဆက်ပွဲ ပြုလုပ် (ဓာတ်ပုံ)

ပြည်ထောင်စုအင်စတီကျူ့ရဲ့ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ်အိပ်မက် နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် သူတို့၏လောကအမြင် သုတေသန တွေ့ရှိချက် မျှဝေတဲ့အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဥပဒေပြုရေးအခန်းကဏ္ဍ ပိုမိုသက်ဝင်အားကောင်းလာဖို့နဲ့ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အမျိုးသားလွှတ်တော်ရဲ့ အခန်းကဏ္ဍကို လေ့လာဝေဖန်ဆန်းစစ်သွားနိုင်ဖို့ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ်အိပ်မက် သုတေသန စာတမ်းပြုလုပ်ခဲ့တာလို့ ပြည်ထောင်စုအင်စတီကျူ့ သုတေသနဒါရိုက်တာ ဒေါက်တာစိုင်းဦးက ပြောပါတယ်။ နိုင်ငံရေးအကူးအပြောင်းတခုမှာ တည်တံ့တဲ့ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ယုံကြည်မှု၊ အယူဝါဒ၊ ရပ်တည်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် သူတို့၏လောကအမြင် သုတေသနစာတမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ စိုင်းညွှန့်လွင်တို့က သုတေသနစာတမ်း အပေါ် မှတ်ချက်စကား ပြောကြားခဲ့ပါတယ်။ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ်အိပ်မက် စာတမ်းကို တပ်မတော်သားတွေ မပါဝင်ဖွဲ့ အဖွဲ့အစည်းကဏ္ဍစုံက (၁၀၆)ဦးကို တွေ့ဆုံမေးမြန်းထားပြီး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် သူတို့၏လောကအမြင် သုတေသနစာတမ်းမှာ လက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့က (၅၁)ဦးကို မေးမြန်းထားတယ်လို့ သိရပါတယ်။ နူးရာ
3 years Ago
Up