ဆွီဒင်နိုင်ငံမြောက်ပိုင်းရှိ အစ္စရိန့်ချ်အာကာသစင်တာကနေ ဧပြီ ၂၄ ရက် အစောပိုင်းမှာ လွှတ်တင်ခဲ့တဲ့ ဆွီဒင်အာကာသကော်ပိုရေးရှင်း (SSC)ရဲ့ သုတေသနဒုံးပျံ ၁ စင်းဟာ ချွတ်ယွင်းပြီး အိမ်နီးချင်း နော်ဝေနိုင်ငံအတွင်း ၁၅ ကီလိုမီတာ အကွာအဝေးမှာ ဆင်းသက်ခဲ့ပါတယ်။
အဲဒီဒုံးပျံဟာ လက်တွေ့စမ်းသပ်မှုတွေကို မြေဆွဲအားသုညမှာ လုပ်ဆောင်ခဲ့ပြီး အမြင့်ပေ ၂၅၀ ကီလိုမီတာကို ရောက်ရှိခဲ့ကြောင်း အေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုံးပျံဟာအမြင့် မီတာ ၁,၀၀၀ မှာ တောင်တွေပေါ် ဆင်းသက်ခဲ့ပြီး အနီးဆုံးနေရာကနေ ၁၀ ကီလိုမီတာအကွာကို ရောက်ရှိခဲ့တယ်လို့ SSC မှ ဆက်သွယ်ရေးအကြီးအကဲ ဖိလစ်အိုလာဆွန်က ဧပြီ ၂၅ ရက်မှာ ရိုက်တာကို ပြောပါတယ်။
တခုခု မှားယွင်းသွားတဲ့အခါ ဆွီဒင်နဲ့ နော်ဝေအစိုးရတွေရော တခြားလုပ်ဆောင်သူတွေကိုပါ အကြောင်းကြားရတဲ့နေရာမှာ လုပ်ရိုးလုပ်စဉ်တွေရှိတယ်လို့လည်း သူကဆိုပါတယ်။
သုတေသနဒုံးပျံထဲ ပါရှိတဲ့ အရာဝတ္ထုပစ္စည်းကို ပြန်လည်ရယူခြင်းလုပ်ငန်းကို ဆောင်ရွက်ဆဲဖြစ်ပြီး စီစဉ်ထားခြင်းမရှိတဲ့ ပျံသန်းမှုလမ်းကြောင်းနောက်ကွယ်ရှိ နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတခုကို စတင်လုပ်ဆောင်နေကြောင်းလည်း အေဂျင်စီက ပြောပါတယ်။
နော်ဝေအာဏာပိုင်တွေဟာ နော်ဝေနယ်စပ်မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်မှု မှန်သမျှကို အလေးအနက်ထား ဆောင်ရွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်နဲ့ ပြောကြားပါတယ်။
ဝန်ကြီးဌာနကတော့ ဆွီဒင်အာဏာပိုင်တွေဆီက တရားဝင်အကြောင်းကြားစာကို မရရှိသေးဘူးလို့လည်း ဆိုပါတယ်။ အပျက်အစီးမှန်သမျှကို ဆယ်ယူဖို့ နော်ဝေပိုင်နက်မှာ အလုပ်လုပ်ဖို့အတွက် ကြိုတင်ခွင့်ပြုချက် လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
SSC ပြောရေးဆိုခွင့်ရှိသူက ဒုံးပျံဟာ ဘယ်အကွာအဝေးမှာ ဆင်းသက်ကြောင်း ပြောနေချိန်မှာ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်းလည်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နော်ဝေမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ ချက်ချင်း အဆက်အသွယ် မရသေးပါဘူး။