ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နွေဦးပိတောက်စစ်ဆင်ရေးအဖြစ် ဧပြီ ၁၆ ရက်မှာ စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ပဲခူး PDF ကပြောပါတယ်။
ဝိုင်းကျေးရွာရဲကင်းစခန်းကို မနေ့ ည ၉ နာရီ မိနစ် ၂၀ လောက်က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ က ဦးဆောင်ပြီး သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၂ နဲ့ YOMA(GBK) ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက ၆၀ မမ ဗုံးသီး (၅)လုံး၊ ၄၀ မမ ဗုံးသီး ၇ လုံးတို့နဲ့ ပစ်ခတ်ပြီးနောက် လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့တွေပစ်ခတ်တဲ့ ဗုံးသီး ၁၂ လုံးအနက်မှ ရဲစခန်းစည်းရိုး အပြင်ဘက်ကို ၃ လုံးကျရောက် ပေါက်ကွဲပြီး ကျန် ၉ လုံးက စခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။
ဒါ့အပြင် ရဲကင်းဘန်ကာ၊ အချုပ်ခန်းဟောင်းနဲ့ စခန်းထဲမှ ဓမ္မာရုံတဝက်တို့မှာ ပြိုကျပျက်စီးသွားခဲ့ ပါတယ်၊
ရဲစခန်းအတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ PDF ရဲဘော်နှစ်ယောက် ခြေဖနှောင့်၊ လက်ဖျားတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးPDF တွေကဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စခန်းသိမ်းနိုင်တဲ့အထိ အသာစီးတိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်ကူရောက်ရှိလာတာနဲ့၊ လက်နက်ခဲယမ်းလိုက်အပ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် သုံးဆယ်မြို့မှာတော့ မနေ့ည ၈ နာရီ မိနစ် လောက်က သင်္ကြန်မဏ္ဍပ်ကို လုံခြုံရေးယူနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ တဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ကနေသိရပါတယ်
သာယာဝတီမြို့နယ်ရှိ သုံးဆယ်မြို့ ဗေဒင်ကုန်းရပ်ကွက်အနီး ရန်ကုန်-ပြည်ကားလမ်းမဘေး ကန်သာယာရေကန်ဘေးက စစ်ကောင်စီရဲ့ "We Love Thonze" သင်္ကြန်မဏ္ဍပ်အနီးတွင် လုံခြုံရေးယူနေတဲ့ ရဲတွေကို သာယာဝတီဂဠုန်တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်
အဆိုပါတိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးထက်မနည်း မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ရဲ တယောက်တော့ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ပဇီကြီးရွာကို လေယာဉ်နဲဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ထပ်မံတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကာင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေမှာ မနေကြဖို့လည်း ကြိုတင်အသိပေးလိုက်ပါတယ်။
ပဲခူးတိုင်း၊ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၊ စံရွေးတန်းလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံမှာ နိုဝင်ဘာ ၂၅ ရက် ဒီနေ့မနက် ၇ နာရီက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေအိမ်ကနေ စံရွေးတန်းလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံမှာရှိတဲ့ ဆေးဆိုင်လာဖွင့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“သေနတ်နဲ့ပစ်တာ လေးချက်၊ နောက်ကျောကနေ ကျည်ကဖောက်ပြီး ဝင်သွားတာ၊ ပွဲချင်းပြီးပဲ၊ လူနာတင်ယာဥ်နဲ့ စစ်တပ်က လာသယ်သွားတယ်။”
သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားသူမှာ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေအပေါ်မှာ အနိုင်ကျင့် အုပ်ချုပ်တတ်သူတဦး ဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
ဒီကနေ့ပစ်ခတ်မှုကို သာယာဝတီဂဠုန်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး ပြည်သူတွေအပေါ် စစ်ကောင်စီနဲ့ပေါင်းကာ ဧည့်စာရင်းစစ်တာတွေ၊ ဖမ်းဆီးဒဏ်ရိုက်တာတွေ ပြုလုပ်ခဲ့လို့ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချထားပြီး ရပ်ကွက်နေပြည်သူတချို့ကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။