close

သုံးဘီးဆိုင်ကယ်

close

April 25, 2023

စစ်တွေ၌ ယာဥ်ထိန်းရဲများက ဆိုင်ကယ်နှင့် သုံးဘီးများအား ဖမ်းဆီးဒဏ်ရိုက်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်နဲ့ သုံးဘီးတွေကို စည်းကမ်းမဲ့ ဖမ်းဆီးနေ​တယ်လို့ စစ်တွေဒေသခံတွေ​က ပြောပါတယ်။

ဆိုင်ကယ်အဖမ်းခံရသူ လူငယ်တဦးက “ဦးထုပ်မဆောင်းလို့ ဖမ်းတယ်တဲ့။ ဥပဒေအရ ဖမ်းတာကို လက်ခံပါတယ်။ ဖမ်းရင် တမြို့လုံးကို ဖမ်းပေါ့ဗျာ။ အခုက သူတို့ဖမ်းချင်တဲ့အချိန် ဖမ်းတယ်။ ဖမ်းချင်တဲ့သူကို ဖမ်းတယ်။ လိုင်စင်စစ်တယ်။ စစ်တွေတမြို့လုံးမှာ လိုင်စင်မဲ့ဆိုင်ကယ် ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲ့ဒါတွေပါ ဖမ်းပေါ့။ အခုက စည်းကမ်းမဲ့ ဖမ်းဆီးနေကြတာ” လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ယဥ်ထိန်းရဲတွေက ဧပြီ ၂၅ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲအကူတပ်ဖွဲ့ရုံးရှေ့မှာ သွားနေကြတဲ့ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေ၊ လိုင်စင်သက်တမ်းကုန်နဲ့ အမောင်းလိုင်စင်မရှိတဲ့ သုံးဘီးတွေကို တမြို့လုံးအနေအထားနဲ့ ဖမ်းဆီးခြင်းမရှိဘဲ စည်းကမ်းမဲ့ ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

တရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ရသူ သုံးဘီးသမားတဦးက “သုံးဘီးနဲ့ ဆိုင်ကယ်ဖမ်းတာ အစီး ၅၀ ကျော်လောက်ရှိမယ်။ တရားရုံးကိုတင်ပြီး ဒဏ်ရိုက်တာက ၆ ဦးပဲရှိတယ်။ ကျန်တာတွေကို ထပ်တင်မလား မတင်ဘူးလားတော့ မပြောတတ်ဘူး။ တရားရုံးမှာ ဒဏ်ငွေက ၂၀,၀၀၀ ပေးခဲ့ရတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ် ၇ ရက် ချမယ်လို့ တရားသူကြီးက ပြောတယ်။ စာရေးကတော့ ဒီဒဏ်ငွေ ၂၀,၀၀၀ က သူတို့ယူမှာမဟုတ်ဘူးတဲ့၊ နိုင်ငံတော်ကို ပေးဆောင်ရတာလို့ ပြောတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်နဲ့ သုံးဘီးအစီးရေ ၅၀ ကျော်လောက်ရှိပေမဲ့ တရားရုံးမှာ မော်တော်ယာဥ်ဥပဒေပုဒ်မ-၈၇ နဲ့ ဒဏ်ငွေဆောင်ခံရသူ ၆ ဦးသာရှိ​​ပြီး ကျန်သုံးဘီးနဲ့ ဆိုင်ကယ်တွေကို တရားရုံးတင်တာ မရှိဘူးလို့ သုံးဘီးသမားတွေထံက သိရပါတယ်။

35 mins Ago

April 23, 2023

သာကေတတွင် YBS 8 က သုံးဘီးဆိုင်ကယ်ဝင်တိုက်၊ ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ သာကေတမြို့နယ်၊ ၇ ရပ်ကွက်၊ ၇ ဈေးလမ်းမကြီးနဲ့ ဇမ္ဗူသီရိလမ်းသွယ်ထောင့်မှာ ဧပြီ ၂၂ ရက်၊ နေ့လယ်ပိုင်းက YBS 8 နဲ့ ခရီးသည်ပါ သုံးဘီးဆိုင်ကယ်ဝင်တိုက်မိပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်မြို့ ကယ်ဆယ်ရေးအသင်းတခုက ပြောပါတယ်။

အဲ့ဒီနေ့က အမျိုးသမီး ၂ ဦးနဲ့ ကလေး ၃ ဦးဟာ သုံးဘီးငှားစီးကာ မုန့်စားထွက်လာကြတာလို့သိရပြီး ၇ ဈေးမှတ်တိုင်မရောက်ခင် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ YBS နံပါတ် 8 က ဝင်တိုက်ခဲ့တာပါ။ 

"လမ်းကြောင်းတခုသွားရင်းနဲ့ ကြုံတာပါ။ သုံးဘီးကို ကားက ဖြတ်တိုက်လိုက်တာလို့ ပြောတယ်။ ကလေးတဦးကတော့ ခေါင်းထိ‌ထားတော့ စိုးရိမ်ရပါတယ်။ သုံးဘီးသမားက ခါးထိတယ်၊ ကျန်ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦးကတော့ ပွန်းပဲ့ရုံပါ" လို့ ရန်ကုန်မြို့အခြေစိုက် ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

YBS 8 ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ သာကေတမြို့နယ်ကို ဖြတ်သန်းပြီး လသာမြို့နယ်အထိ ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။ 

ကားတိုက်ခံရတာကြောင့် ကလေးငယ်တဦးမှာ ဦးခေါင်းကွဲ ( စိုးရိမ်ရ) ဒဏ်ရာ၊ ကျန်ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦးမှာ ခြေထောက်လက် ပွန်းပဲ့ ဒဏ်ရာနဲ့ သုံးဘီးမောင်းအမျိုးသားမှာ ခါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဘီးပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ယာဉ်မောင်းဖြစ်သူကို သာကေတမြို့နယ်ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ သိရတဲ့အပြင် လူနာတွေကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ပေးထားပြီး ကားတိုက်ခံရမှုအတွက် ယာဉ်လိုင်းဘက်က ဘယ်လို လုပ်ဆောင်ပေးမလဲ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း သာကေတမြို့နယ်၊ ရတနာလမ်းမကြီး၊ ရှုခင်းသာမှတ်တိုင်အနီးမှာ YBS 4 က တွဲကားကို ဝင်တိုက်မိတာကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

2 days Ago
Up