close

သုံးဘီးယာဉ်မောင်း

close

September 26, 2022

စစ်တွေမြို့တွင် သုံးဘီးသမားတဦးအား စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆိတ်ရိုးကျ ကယ်ဆယ်ရေးလမ်းမှာ စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၂ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ပြီး သုံးဘီးသမားတဦးကို ဖမ်းဆီး‌သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“သူတို့က တွေ့သမျှလူတွေကို စစ်တယ်။ ဖုန်းတွေကို စစ်တယ်။ သုံးဘီးမောင်းသမားတဦးကို ကြယ်နီ စက်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ ဖမ်းဆီးသွားတာ။ လူတွေလည်း ကိုယ့်အိမ်ကိုယ် ဝင်ပြေးကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီမှာ ဖမ်းဆီးခံရတဲ့ သုံးဘီးသမားဟာ အသက် ၅၂ နှစ်အရွယ် ဦးအောင်သိန်း ဖြစ်တယ်လို့ ဆိုပါတယ်။

“သူက ရိုးရိုးသားသား သုံးဘီးမောင်းနေတာလေ။ ဘာအပြစ်မှမရှိဘူး။ အဲဒီလို ဖမ်းပြနေတာက သူတို့မှာ ရည်ရွယ်ချက်ရှိနေတယ်။ ပြည်သူကို အကြောက်တရားသွင်းနေတာ။ ပစ်မှတ်က အေအေကို မုန်းတီးလာအောင်ပေါ့”လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝရရှိထားတဲ့ ရက္ခိုင်တပ်‌‌တော်အေအေအပေါ် အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် ဖန်းတီးနေပါတယ်။

စစ်တွေမြို့နယ်မှာတော့ လုံခြုံရေးအကြောင်းပြပြီး ည ၁၀ နာရီမတိုင်မီ ဈေးဆိုင်တွေအားလုံး ပိတ်သိမ်းဖို့ စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်တွေမြို့ပေါ်မှာ အခုလို စစ်ဆေးဖမ်းဆီးတွေ ဆက်တိုက် ပြုလုပ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

9 hours Ago

September 23, 2021

မန္တလေးတွင် သုံးဘီးယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၅၂ လမ်းနဲ့ ၃၃ လမ်းထောင့်မှာ စက်တင်ဘာ ၂၃ ရက် မနက် ၁၁ နာရီကျော်က  သုံးဘီး ယာဉ်မောင်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ပစ်သတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ ကန်ကောက်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဦးအေးလွင် ဆိုသူဖြစ်ပြီး သူ့ရဲ့ သုံးဘီးယာဉ်ကို ငှားစီးလာသူ  ၂ ဦး အနက် ၁ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ပြီးနောက်မှာ ဆိုင်ကယ် ၂  စီးနဲ့ လူ ၂ ယောက် ရောက်လာပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုကြပါတယ်။

“အသတ်ခံရတဲ့သူက စစ်ကောင်စီ သတင်းပေးလို့ ပြောကြတယ်။ မနေ့ကလည်း ရပ်ကွက်ထဲက ရာအိမ်မှူးအိမ် လက်လုပ်ဗုံးနဲ့ ပစ်သွားတယ်။” လို့ ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောပါတယ်။

သုံးဘီး ယာဉ်မောင်း ဦးအေးလွင်ကို ပစ်သတ်သွားတာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကိုတော့  မသိရပါဘူး။

ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး စစ်ဆေးတာတွေနဲ့ CCTV မှတ်တမ်းရယူတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

1 year Ago
Up