ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေး (၅)ထိပ်အနီးမှာရှိတဲ့ ပါရမီ ဆေးခန်းမှာ နိုဝင်ဘာ ၅ ရက်ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က သူနာပြုဆရာမ တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ သူနာပြုဆရာမ ဒေါ်စမ်းသီတာ ဖြစ်ပြီး သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့တာ ကြောင့် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒေါ်စမ်းသီတာဟာ အဆောင်ဖွင့်ထားပြီး သူ့ရဲ့အဆောင်မှာ နေထိုင်တဲ့ နွေဦး တော်လှန်ရေးမှာ ပါဝင်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာတွေရှိသလို စစ်ကောင်စီလုံခြုံရေး အဖွဲ့ဝင်တွေရဲ့ လိုအပ်တဲ့ ဆေးဝါးတွေပံ့ပိုးပေးခဲ့တဲ့ ဒလန်အကြီးစားဖြစ်လို့ လှိုင်သာယာ ဒလန်ရှင်းလင်းရေးအဖွဲ့က ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အနီးနားက လူငယ်တစ်ဦးကို ဖမ်းဆီးပြီး မျက်နှာကို အဝတ်အုပ် လက်ပြန်ကြိုးတုပ်ကာ အမှတ်(၇)ရပ်ကွက်ရုံးအတွင်း ခေါ်ဆောင်သွားခဲ့သလို အခင်းဖြစ်ပွားရာအနီးက KBZ ဘဏ်က CCTV မှတ်တမ်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာလည်း ဒီနေ့ မနက် ၈ နာရီခွဲလောက်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)ကို စာသင်ပြဖို့သွားတဲ့ အထက်တန်းပြဆရာမ တယောက် သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။