close

သူရဦးရွှေမန်း

close

October 12, 2022

ပါတီဖျက်သိမ်းပြီဟု သူရဦးရွှေမန်း ထုတ်ပြန်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့ တင်ပြထားပြီလို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ပြန်ပြောဆိုပါတယ်။ 

သူနဲ့အတူ ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ခေါင်းဆောင်တွေဟာ အခုအခါ အသက်အရွယ်ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူတွေရှိသလို လူမှုရေးနဲ့ တခြား အခက်အခဲတွေရှိလာတာ၊ ပါတီနိုင်ငံရေးကို ဆက်လုပ်ဖို့ ဆန္ဒမရှိကြတော့တာကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းဖို့ ဗဟိုအလုပ်အမှုဆောင်တွေက သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာခဲ့တာပါ။ 

ပါတီကို အောက်တိုဘာ ၁၁ ရက်ကစလို့ ဖျက်သိမ်းတာကို အတည်ပြုဖို့အတွက်လည်း သက်ဆိုင်ရာကို တင်ပြထားတယ်လို့ ဆိုပြီး ပါတီကို ကူညီပံ့ပိုးခဲ့သူတွေ၊ ဖွဲ့စည်းဖို့ ဆောင်ရွက်ချိန်ကနေ ရွေးကောက်ပွဲပြီးနောက် အခု ဖျက်သိမ်းမယ့်အချိန်အထိ ငွေ၊ လုပ်အား၊ ပစ္စည်းတို့နဲ့ ပါဝင်ကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။ 

ဒီအကြောင်းကို ပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ ပါတီရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိုင်စီဂျေတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက်စွဲဆိုထားတဲ့အပေါ် စစ်ကောင်စီရဲ့ကိုယ်စားပြုသူတွေ သွားရောက်တင်ပြဆွေးနွေးတာအတွက် ဂုဏ်ပြုကြောင်းကို နောက်ဆုံး တင်ထားခဲ့တာပါ။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ် ဧပြီလမှာ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတုန်းက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတချို့ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

34 mins Ago

November 10, 2020

အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြောင်း သူရဦးရွှေမန်းပြော 

အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ အဓိက ပြိုင်ဘက်ဟာ အန်အယ်လ်ဒီနဲ့ ယူအက်စ်ဒီပီပါတီလို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ခုအခါမှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌဟာ သူ့ရဲ့ မဲဆန္ဒနယ်အပါအဝင် တပြည်လုံးမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ပြုတယ်လို့   သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ။  ဒါ့အပြင် နိုင်ငံတည်ဆောက်ရေးမှာ မှန်ကန်ထိရောက်စွာ ဦးဆောင်နိုင်စေဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင် (UBP) ပါတီဟာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ကိုယ်စားလှယ်လောင်း  ၉၀၀   လောက်ဝင်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒနယ်အားလုံးရဲ့ ၄၀ ၊ ၅၀ ရာခိုင်နှုန်းအတွင်း  အနိုင်ရရှိဖို့နဲ့ အစိုးရဖွဲ့ဖို့ မျှော်မှန်းထားတယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက  ရွေးကောက်ပွဲမတိုင်ခင်က ပြောထားပါတယ်။ ဓာတ်ပုံ -THURA U SHWE MANN  
2 years Ago
Up