ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းမှတ်တိုင်နဲ့ သဲကွင်းမှတ်တိုင်ကြားရှိ ကမ်းနားလမ်းမပေါ်မှာ မတ်လ ၁၉ ရက် ညနေပိုင်းက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဟာ YBS ဘတ်စ်ကားရှေ့ကို ခေါင်းနဲ့ပြေးဝင်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခွဲလောက်က YBS ၂၃ ယာဉ်ဟာ ကမ်းနားလမ်းအတိုင်း မောင်းလာချိန် ဟုမ်းလမ်းမှတ်တိုင်အနီးမှာ အဆိုပါ အမျိုးသားက ဘတ်စ်ကားဆီပြေးဝင်လာပြီး အတင်းဝင်တိုက်ခဲ့လို့ YBS ယာဉ်မောင်းက ကွေ့ရှောင်နိုင်ခဲ့လို့ အသက်မသေခဲ့ဘဲ ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပါတယ်။
ကြည့်မြင်တိုင်အခြေစိုက် လူမှုကူညီရေးအသင်းဝင်က "ရပ်ကွက်က သတင်းပို့တာပါ၊ YBS တစ်စီးကလူကို တိုက်သွားတယ် ဆိုပြီး အကြောင်းကြားတာနဲ့ ကယ်ဆယ်ရေးလုပ်တာပါ။ အဲ့ဒီမှာ တစ်ယောက်က အဲဒီလူက ရှေ့မှာလည်း ကား ၃ ၊ ၄ စီးကို အခုလို လုပ်နေတာ ရှိတယ်၊ မသင်္ကာလို့ ဗွီဒီယိုလိုက်ရိုက်ထားတာလို့ ပြောတယ်၊ ကြည့်လိုက်တော့ သူက ကားအရှေ့ကို ဒိုက်ဗင်ဝင်ထိုးတဲ့ ပုံစံကြီး တွေ့ပါတယ်။ ခေါင်းက ဖူးပြီးတော့ သွေးနည်းနည်း ထွက်သွားတယ်၊ အိမ်လိပ်စာ မေးတာတောင် ၄ နေရာလောက် ပြောနေတယ်၊ ပြီးတော့ သူ့ကိုယ်သူ မသေသေးဘူးလားလို့ ပြောတယ် " လို့ ဆိုပါတယ်။
အဆိုပါအမျိုးသားဟာ ယာဉ်ရဲ့ ညာအရှေ့ဘက်နဲ့ ရိုက်မိတာကြောင့် ဘယ်နားထင် ဖူးရောင် ဒဏ်ရာ၊ ပေါက်ပြဲ ဒဏ်ရာရရှိခဲ့လို့ ရန်ကုန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး အဲ့ဒီတစ်နေ့တည်း YBS ကား သုံးစီးခန့် ရှေ့ကို အခုလို ပြေးဝင်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီအမျိုးသားရဲ့ နေရပ်လိပ်စာကို မေးမြန်းရာမှာ အတည်တကျ မဖြေတာကြောင့် မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပြီး ဘာကြောင့်ခုလိုလုပ်ရတာလဲဆိုတာ ကြည့်မြင်တိုင်ရဲစခန်းမှာ မေးမြန်းနေဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့က အင်းလျားကန်ထဲကို နေ့လယ် ၂ နာရီကျော်လောက်က လူ ၁ ယောက် ခုန်ချသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ပါတယ်။
ကမာရွတ်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပြီး ၄ နာရီ ၂၄ မိနစ်လောက်မှာ အမျိုးသား ၁ ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကာ ရုပ်အလောင်းကို M.A.N လူမှုကူညီကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာတင် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတွေ ခပ်စိပ်စိပ် တွေ့လာရပြီး ပြီးခဲ့တဲ့ ရက်မှာတင် အသက် ၂၄ အရွယ် အမျိုးသမီးတဦးဟာ ၃ နှစ်သမီးလေးနဲ့အတူ ပြည်-နဝေးဒေးတံတားပေါ်မှ ခုန်ချ သတ်သေသွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီးသေကြောင်း ကြံစည်ခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေ ရှိပြီး အခက်အခဲတွေနဲ့ ကြုံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။