ထိုင်းသရုပ်ဆောင်မင်းသမီး ထိုင်းနိုင်ငံအလယ်ပိုင်း ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်လှေစီးရင်း ရေထဲပြုတ်ကျ သေဆုံးရတာနဲ့ ပတ်သက်လို့ သေဆုံးသူရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဒီအမှုမှာ စိတ်ဝင်စားတဲ့ လူမှုကွန်ရက်ပရိသတ်တို့က သူတို့ ထင်မြင်ချက်၊ သံသယရှိတဲ့ အချက်တွေကို သုံးသပ်ပြောဆိုနေကြပါတယ်။
အဆိုပါ အသိုင်းအဝိုင်းစုံ အလွှာစုံတို့ရဲ့ ပြောဆိုချက်တွေကို မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက စုစည်းတင်ပြထားရာမှာ အချက်ပေါင်း ၄၇ ချက်ရှိပါတယ်။
အဲဒီအချက်တွေထဲမှာ ဘန်ကောက်ရန်းဆစ်တက္ကသိုလ် ရာဇဝတ်မှုနဲ့ တရားရေးဆိုင်ရာ ဌာနမှူး ရဲမှူးကြီး ကရစ်စနဖုန်း ဖုတကွန်းကတော့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတွေ ကျောက်ဖရားမြစ်နား ရောက်လာတဲ့အခါ တိုင်မိုနဲ့အတူ လှေပေါ်လိုက်လာတဲ့အဖော် ၅ ယောက် တစ်ယောက်မှ စောင့်မနေဘဲ ပြန်ကုန်တာ မဖြစ်သင့်ကြောင်း၊ ကုန်းပေါ်မှာဖြစ်ဖြစ် ရေထဲမှာဖြစ်ဖြစ် မတော်တဆထိခိုက်မှုဖြစ်ပါက အဆိုပါယာဉ်တွေကို ရဲကစစ်ဆေးပြီးမှ ရွှေ့ပြောင်းရမှာကို အဖော်တွေက လှေကို ဘာကြောင့် သင်္ဘောကျင်းမှာ သွားသိမ်းလိုက်သလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
ဒါ့အပြင် တိုင်မိုဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ပြုတ်ကျသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး နာမည်ကြီး မင်းသမီးတယောက်အနေနဲ့ ကြုံရာမှာ အပေါ့သွားတာ၊ မရင်းနှီးတဲ့ အမျိုးသားတွေပါတဲ့ လှေပေါ်မှာ အပေါ့သွားတာ မဖြစ်နိုင်ဘဲ အပေါ့သွားချင်ပါက လှေကို ကမ်းကပ်ပေးလို့ရပြီး ကမ်းစပ်မှာ ဆိုင်တွေတပုံကြီးရှိကြောင်း၊ ရေထဲပြုတ်ကျသူကို အသက်ကယ်ဝတ်စုံတွေ မပစ်ချပေးတာနဲ့ တိုင်မိုရဲ့ ကိုယ်ရံတော် ကသစ်က တိုင်မိုရဲ့ မိခင်ကို ဝန်ချတောင်းပန် ပြောဆိုဆက်ဆံပုံတွေဟာ သဘာဝမကျကြောင်း သုံးသပ်ထားပါတယ်။
တိုင်မိုရဲ့ မိခင်က သမီးဖြစ်သူ ရေထဲကျသွားတဲ့အကြောင်း သူ့ဆီ အကြောင်းမကြားတာနဲ့ ဆင်းမကယ်ရတဲ့အကြောင်းရင်းကို မေးမြန်းရာမှာ ကိုယ်ရံတော်ကသစ်က ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ချက်ချင်းအကြောင်းမကြားတာဖြစ်ပြီး ရေငုပ်သမား မဟုတ်သလို ရေမကူးတတ်တာကြောင့် ဆင်းမကယ်တာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကသစ်က ရေမကူးတတ်ဘူးလို့ ပြောပြီးတဲ့နောက် လူမှုကွန်ရက်စုံထောက်တွေက ကသစ်က သူ့သမီးကို ရေကူးသင်ပေးနေတဲ့ ပုံဟောင်းတွေ ပြန်ရှာပြီး ဖြန့်ဝေနေကြပါတယ်။
တိုင်မိုဟာ သူမရဲ့မွေးစားသမီးလေး (ကသစ်ရဲ့ သမီးရင်း) အတွက် ဘတ် ၁ သန်းတန် မတော်တဆ ထိခိုက်မှုအာမခံ လုပ်ထားပေးပြီး လာမယ့်ဧပြီလထိ သက်တမ်းရှိပါတယ်။ သက်တမ်း မကုန်ခင် တိုင်မိုတခုခုဖြစ်ရင် အဲဒီငွေကို မွေးစားသမီးက ရပိုင်ခွင့်ရှိတာကြောင့် ဒါနဲ့ သက်ဆိုင်နေသလားလို့လည်း သံသယထားနေကြပါတယ်။
တိုင်မို ရေထဲပြုတ်ကျတဲ့အပေါ် လှေပေါ်ပါလာသူတွေရဲ့ ထွက်ဆိုချက်၊ သတင်းထောက်တွေကို ဖြေကြားချက်လည်း တယောက်နဲ့တယောက် ကွဲလွဲနေကြောင်း၊ တချို့က သူ ဘယ်အချိန်ကျသွားလဲမသိဘူးလို့ ဖြေဆိုပြီး လှေပေါ်ပါ အမျိုးသားတယောက်က တိုင်မိုဟာ အပေါ့သွားချင်လို့ သူ့ခြေထောက် နှစ်ဖက်ကို အားပြုကိုင်ထားရင်း ပြုတ်ကျတာလို့ ပြောပြန်ပါတယ်။
လှေပေါ်ပါလာတဲ့ အမျိုးသားအဖော်တစ်ယောက် လက်မောင်းက ဒဏ်ရာနဲ့ပတ်သက်ပြီးတော့လည်း သတင်းအင်တာဗျုးမှာ ဖြေကြားတာနဲ့ လူမှုကွန်ရက်က အကျယ်ချဲ့ကြည့်ပုံနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
တိုင်မိုရဲ့ ခြေတောက်က ဒဏ်ရာဟာ လှေရဲ့ ပန်ကာဒလက်နဲ့ ထိမိတာဖြစ်နိုင်တယ်လို့ ရဲက ခန့်မှန်းထားပေမယ့် စပိဘုတ်လှေကျွမ်းကျင်သူတစ်ဦးကတော့ လှေသွားနေစဉ် ပန်ကာက တခုခုနဲ့ ချိတ်မိပါက လှေတခါတည်း ရပ်သွားနိုင်ကြောင်း၊ ပန်ကာဒလက်လားရာနဲ့ လှေပေါ်က ပြုတ်ကျသူ လားရာတို့ဟာလည်း ဆန့်ကျင်ဘက်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် တိုင်မို ရေနစ်ပြီးပေမယ့် သူမရဲ့ IG ကို တစုံတယောက်က သုံးစွဲနေပြီး ဓာတ်ပုံ ၇ ပုံကို ဖြုတ်ထားကြောင်း၊ သူမလှေပေါ်မှာ သီချင်းဆိုနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာ မသင်္ကာစရာ အမျိုးသား စကားပြောသံ ကြားကြောင်း၊ သူတို့ဟာ အလုပ်ကိစ္စမဟုတ်ဘဲ စားသောက်ဆိုင်မှာ ထမင်းလာစားရုံပဲလို့ ကသစ်က ဖြေထားပေမယ့် အဲဒီနေ့မှာ တိုင်မိုက ဖူးကစ်ရိုက်ကွင်းကနေ အမြန်ပြန်ခဲ့တာ၊ ဒီမတိုင်ခင် သူမက သူ့အမေကို အလုပ်ကိစ္စရှိတယ်လို့ ပြောကြောင်း လူမှုကွန်ရက်က ကွဲလွဲမှုတွေကို ဆွဲထုတ်ဖော်ပြနေတာပါ။
ဒီအမှုတွဲကို ကိုင်တွယ်တဲ့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီးကတော့ အပြင်မှာ ဘယ်သူတွေ ဘာပြောပြော ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအပေါ်မှာသာ မူတည်ပြီး အမှုကို ဆုံးဖြတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းသမီးတိုင်မိုရဲ့ အလောင်းပုံတွေ၊ ဒဏ်ရာနဲ့ပုံတွေကို လူမှုကွန်ရက်ပေါ်မဖြန့်ဝေဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံထားပေမယ့် ပုံတွေ ထွက်ပေါ်လာနေတဲ့အပေါ် ရဲကဥပဒေနဲ့ အရေးယူဖို့ ပုံစတင်ဖြန့်ဝေရာ အရင်းအမြစ်ကို စုံစမ်းလျက်ရှိပါတယ်။
အသက် ၃၇ နှစ်ရွယ် ရုပ်ရှင်သရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညက အဖော် ၆ ဦးနဲ့အတူ နွန်ထပူရီခရိုင် စားသောက်ဆိုင်တစ်ခုမှာ သွားရောက် သောက်စားရင်း စပိဘုတ်လှေစီးပြီး ပြန်လာခဲ့စဉ် လှေပေါ်က ပြုတ်ကျ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။