close

သေဆုံးသူ၃၀၀၀၀

close

February 12, 2023

ငလျင်ကြောင့် တူရကီနှင့်ဆီးရီးယားတွင် သေဆုံးသူ ၃၀,၀၀၀ နီးပါးအထိ ရှိလာ

တူရကီနဲ့ ဆီးရိးယား နှစ်နိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်းဟာ ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာတော့ အယောက် ၃၀,၀၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။

တူရကီ တနိုင်ငံတည်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂၄၆၁၇ ယောက် ရှိပြီလို့ တူရကီ ဒုသမ္မတက ပြောပါတယ်။ လူပေါင်း ၈၀၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း တူရကီ ကျန်းမာရေး ဝန်ကြီး ဖှာဟက်တင်းကိုကာက အစောပိုင်းက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာတော့ အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လူ ၁၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၃၄၁ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရ ကျန်းမာရေးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။

အစိုးရ ဆန့်ကျင်ရေး တပ်တွေထိန်းချုပ်ထားတဲ့ နယ်ပယ်အတွင်း ၂၁၆၇ ဦး သေဆုံးပြီး ၂၉၅၀ ကျော် ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ သေဆုံး ဒဏ်ရာရသူ အရေအတွက် ပိုများလာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ 

“ငလျင်တွေဟာ ဒီဒေသကို နှစ်တစ်ရာအတွင်း ရိုက်ခတ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ပဲ၊ သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ လက်ရှိ သတင်းအချက် အလက်ထက် နှစ်ဆလောက်ထိ မြင့်တက် နိုင်တယ်လို့ မျှော်လင့်တယ်”လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်အခြေအနေ သက်သာရေး ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် မာတင်ဂရစ်ဖစ်သ် က ပြောပါတယ်။

ငလျင်သင့်ဒေသမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုနေတဲ့ ကပ်ဘေးသင့်တွေကို အာရုံစိုက်ကြဖို့ သူက ဆော်ဩပါတယ်။

လာမယ့် ၃ လအတွင်း ကပ်ဘေးသင့် ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ ကုလသမဂ္ဂက ဆောင်ရွက်သွား မှာပါ။

ဖေဖော်ဝါရီ ၁၁ ရက်က ဆီးရီးယားမြောက်ပိုင်းက ငလျင်သင့်ဒေသ အလဲ့ပိုမြို့ဆီကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ညွှန်ချုပ် တေဒရို အဒါနွန် ဂေဘရီယေးဆပ်က လာရောက် လည်ပတ်ခဲ့ပြီး ကပ်ဘေးသက်သာရေး အကူအညီ ၃၅တန် သယ်လာပေးခဲ့ပါတယ်။

WHO ဟာ ဆီးရီးယားအတွက် အကူအညီတွေကို ဆက်ပြီး ပေးပို့သွားမှာဖြစ်ပြီး နောက်ထပ် ကုန်စည် တန် ၃၀ ဖေဖော်ဝါရီ ၁၂ ရက်မှာ ရောက်မယ်လို့ သူက ပြောပါတယ်။

6 mins Ago
Up